လီဗာပူးရဲ့ နွေပစ်မှတ်ထဲမှာ တန်းဆင်းသွားတဲ့ ဆောက်သမ်တန်အသင်းမှ ခံစစ်မှူး ကာလတ်တတ်ကာနဲ့ ကွင်းလယ်လူ ရိုမီရို လာဗီယာတို့ နှစ်ဦးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်အတွက် တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးဘူးလို့ ဒေါ့မွန် အသင်းဘက်က ထုတ်ပြောလာပါတယ်။ လက်တလောမှာတော့ အမှတ်ပေးလိဂ်ကို အာရုံစိုက်နေပေမယ့် ဒေါ့မွန်ဘက်ကလည်း ဘယ်လင်ဟမ်ကို ဆက်ထိန်းလိုနေဆဲလို့ သိရပါတယ်။

အက်စတွန်ဗီလာအသင်းဟာ လိုဆယ်ဆိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လို့ စပါးနည်းပြသစ်က အာဂျင်တီးနား ကစားသမားနဲ့ ပတ်သက်ပြီး ဘာဆုံးဖြတ်မလဲဆိုတာကို သိရဖို့တော့ အချိန်ပေးရပါလိမ့်မယ်။

ပီအက်စ်ဂျီ အသင်းဟာ နွေမှာ အလွတ်နဲ့ ထွက်ခွာတော့မယ့် မက်ဆီ နေရာမှာ မန်စီးတီးကွင်းလယ်သမား ဘာနာဒို ဆေးလ်ဗား ကို အစားထိုး ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဂျူဗင်တပ်အသင်း ကွင်းလယ်လူ ရာဘီရော့နဲ့ နာပိုလီ တိုက်စစ်သမား အိုဆင်ဟမ်တို့ နှစ်ဦးကို ဒီနွေမှာ ခေါ်ယူနိုင်မယ်လို့ ရေပန်းစားမှု မြင့်တက်လာပါတယ်။

ချယ်ဆီးအသင်းဟာ မနှစ်တုန်းက နွေဈေးကွက်မှာ အေစီမီလန် တောင်ပံသမား ရာဖယ် လီယာအိုကို ခေါ်ယူနိုင်ရေး ပူလီဆစ်နဲ့ ဇီယက်ချ်တို့ နှစ်ဦးကို အလိုက်ပေးခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ကို ခေါ်ယူလိုရင် ယူရို သန်း ၁၅၀ ထိ ပေးရမှာပါ။

ဂွမ်ဒိုဂန်ဟာ လက်တလောမှာ မန်စီးတီးအတွက်ပဲ အာရုံစိုက်နေပြီး ရာသီကုန်မှ အပြောင်းအရွှေ့ ကိစ္စကို စဉ်းစားမှာပါ သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာဘက်က အဆင်သင့်ရှိနေပါတယ်။

အာဆင်နယ်ဟာ ချယ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူရေးမှာ လီဗာပူးနဲ့အပြိုင် ပါဝင်ချိတ်ဆက်လိုပြီး ပေါင် သန်း ၆၀ ဝန်းကျင် ဈေးပေးဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေ စိတ်ဝင်စားနေတဲ့ ကိုင်ဆီဒိုနဲ့ မက်အယ်လစ္စတာတို့ကို ဒီနွေဈေးကွက်မှာ ရောင်းချ ရမှာမို့ ဘရိုက်တန်ဘက်က ကွင်းလယ်လူသစ် စတင် ရှာဖွေနေပါပြီ။