မက် အယ်လစ္စတာဟာ ဒီနွေမှာ ဘရိုက်တန်က ထွက်ခွာခဲ့ရင် ချန်ပီယံလိဂ် ဝင်ခွင့်ရ ကလပ်ကို ရွေးချယ်လိုနေကြောင်း The Athletic က ဖော်ပြလာပါတယ်။
လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ နွေစျေးကွက် အကြိုမှာ ကမ္ဘာ့ဖလား ချန်ပီယံကို ချိတ်ဆက်ဖို့ ပြိုင်ဆိုင်နေကြတာပါ။ ဘရိုက်တန်နဲ့ အယ်လစ္စတာကြား စာချုပ်ဟာ ၂၀၂၅ ခုနှစ်ထိ စာချုပ်ရှိကြောင်းနဲ့ ဘရိုက်တန်ဘက်က ဆန္ဒရှိရင် တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်ကြောင်းကို အဆိုပါ သတင်းဌာနကပဲ ဖော်ထုတ်ထားပါတယ်။
အယ်လစ္စတာရဲ့ ဖခင်နဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူအတွက် သင့်လျော်တဲ့ ကလပ်ကို ရှာဖွေနေပြီး လီဗာပူးအသင်းနဲ့ စကားပြောဆိုမှု လုပ်ထားသေးတာ ဖြစ်ပါတယ်။ ကွင်းလယ်လူကိုတော့ မန်ယူနဲ့ ချယ်ဆီးတို့ကလည်း သဘောကျနေပါတယ်။
လက်ရှိမှာ လီဗာပူးအသင်းက အဆင့် ၅ နေရာမှာပဲ ရှိနေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မှာ နယူးကာဆယ်၊ မန်ချက်စတာ ယူနိုက်တက်တို့နောက် နောက်ကောက်ကျမယ့် အခြေအနေမျိုးပဲ ရှိနေပါသေးတယ်။ လက်ကျန် ၃ ပွဲလုံးကို အနိုင်ရရင် ပြိုင်ဘက် ၂ သင်းက အနည်းဆုံး ၂ ပွဲစီ ခြေချော်မှပဲ လီဗာပူးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ။
ဘရိုက်တန်ကလည်း လာမယ့်ရာသီ ယူရိုပါလိဂ်ပဲ ဝင်ခွင့်ရနိုင်မယ့် အနေအထားဖြစ်ပါတယ်။ အယ်လစ္စတာက သူ့ရဲ့ ဆန္ဒဟာ ချန်ပီယံလိဂ် ကစားခွင့်လို့ တုန့်ပြန်လာခဲ့ပြီး မန်ယူနဲ့ လီဗာပူးအသင်းကြား ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် အသင်းကိုပဲ ရွေးချယ်သွားမှာလား ဆိုတာက စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။