အာဆင်နယ်ကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ယူသွားတဲ့ ဘရိုက်တန်အသင်းရဲ့ ခြေစွမ်းကို ကြည့်ရှုပြီး ဒီအသင်းကို အရမ်းကောင်းကောင်း ဦးဆောင်နိုင်ခဲ့တဲ့ အီတလီသား နည်းပြကြီး ဒီဇာဘီရဲ့ အရည်အချင်းကို လီဗာပူး နောက်ခံလူဟောင်း ကာရေဂါက အမွှန်းတင်ခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ပရိသတ်ကြိုက် အသင်းအဖြစ် တောက်ပလာတဲ့ ဘရိုက်တန်အသင်းကို ချယ်ဆီးအသင်းထံ ပြောင်းသွားတဲ့ ပေါ်တာနေရာ ဒီဇာဘီက အစားထိုး တာဝန်ယူခဲ့သူပါ။ သူ့လက်ထက်မှာတော့ ဘရိုက်တန်က ပိုပြည့်စုံတဲ့ အသင်းအဖြစ် ထင်ရှားလာခဲ့ပါတယ်။

ကာရေဂါက ‘ အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ ဘရိုက်တန်က ဘယ်လောက်တောင် ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့တာလဲ? ဘရိုက်တန် မန်နေဂျာက ဒီရာသီ အကောင်းဆုံး မန်နေဂျာဖြစ်နိုင်ပါတယ်။ ဒီဆုအတွက် ပြိုင်ဆိုင်မယ့်သူတွေက ဘယ်လောက်များများ ရှိနေမှာလဲ?

ပက်ဂွာဒီယိုလာ၊ မီခေလ်း အာတီတာ၊ အတ်ဒီဟောင်၊ ဒီဇာဘီ၊ အူနိုင်း အမ်မရီ၊ သောမက်စ် ဖရန့်၊ ဂယ်ရီအိုနေး၊ မာကိုစ့် ဆေးဗားနဲ့ လိုပတ်တီဂူ တို့ပဲ ရှိပါမယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ကာရေဂါက သူ့အသင်းဟောင်း လီဗာပူးအသင်း မန်နေဂျာဖြစ်သူ ယာဂင်ကလော့ပ်ကို အကောင်းဆုံး နည်းပြစာရင်းထဲ မထည့်ခဲ့ပါဘူး။ ဒီအတွက် လီဗာပူးပရိသတ်တွေက ပြဿနာ မရှိပေမယ့် မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေကတော့ ဒီရာသီ အကောင်းဆုံး မန်နေဂျာလောင်းစာရင်းမှာ အဲရစ် တန်ဟက် ပါဝင်သင့်တယ်လို့ ဝေဖန်ခဲ့ကြတယ်။

သရဲနီ ပရိသတ် တစ်ဦးက ‘ အဲရစ် တန်ဟက်ကလည်း လိဂ်ရဲ့ အကောင်းဆုံး မန်နေဂျာလောင်းလျာ စာရင်းမှာ ပါသင့်တယ် ဂျင်မီ။ ဘယ်အဆင့်ကနေ ယူနိုက်တက် အခုလို တက်လာရတာလဲ ကြည့်လိုက်ဦး ‘ လို့ ဝင်ရောက် မှတ်ချက်ပေးခဲ့တယ်။

ယူနိုက်တက်က အခုလည်း အဆင့် ၄ ထဲမှာ ရှိနေသေးတယ်။ အက်ဖ်အေဖလားမှာဆို ဗိုလ်လုပွဲကို ရောက်နေတာကွာ။ တန်ဟက်က ဒီရာသီ အကောင်းဆုံး မန်နေဂျာစာရင်းထဲ ပါသင့်တယ်ကွ ‘ လို့ တုန့်ပြန်ခဲ့တယ်။

နောက်ထပ် သရဲနီပရိသတ်ကတော့ ‘တန်ဟက်က ဂေါဖ့်ရိုက်နေလို့ မပါတာလား?’ လို့ ကာရေဂါကို ရွဲ့စောင်း ပြောဆိုသွားသေးတာ ဖြစ်ပါတယ်။

နောက်ထပ် ယူနိုက်တက် ပရိသတ် တစ်ဦးက ‘ တန်ဟက်က ဘာလို့ မပါရမှာလဲ? မနှစ်ကဆို ယူနိုက်တက်က အဆိုးရွားဆုံး ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့တယ်။ တန်ဟက် ရောက်လာတော့ ကာရာဘောင်းဖလား အနိုင်ရတယ်၊ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ရောက်တယ်။

နည်းပြတန်ဟက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး မန်နေဂျာတွေ စာရင်းမှာ ပါသင့်လား? မပါသင့်ဘူးလား? ဆိုတာကတော့ ငြင်းခုံစရာ ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။