အာဆင်နယ် အသင်းဟာ လက်တလောမှာ ကလပ်ရဲ့ အဓိက အစုအဖွဲ့ကို ကာလရှည် ဆက်ထိန်းနိုင်ဖို့ကိုပဲ အားစိုက် လှုပ်ရှားနေခဲ့တာဖြစ်ပြီး ဆာကာကို စာချုပ်သစ်ပေးထားကာ ဆာလီဘာအတွက် သဘောတူညီမှု ရထားခဲ့သလို အိုဒီဂတ်နဲ့လည်း မကြာခင် လက်မှတ်ထိုးမှု ပြုလုပ်နိုင်ပါတယ်။
အဓိက ကစားသမား သက်တမ်းတိုးမှုတွေ အပြင် အာဆင်နယ်ဟာ အပြောင်းအရွှေ့မှာတော့ ဒါတွေကို လုပ်ဆောင်နေ ပါသေးတယ်။
ဒီကလန် ရိုက်စ်
အာဆင်နယ်က ဒီရက်ပိုင်းမှာ ဒီကလန်ရိုက်စ် အတွက် တရားဝင် ကမ်းလှမ်းမှု လုပ်လာမယ်လို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။
ဒါပေမယ့် ကစားသမားကတော့ အာဆင်နယ်၊ မန်ယူနဲ့ ဘိုင်ယန်တို့ ချိတ်ဆက်ခံရသည့်တိုင် ဝက်စ်ဟမ်းမှာပဲ ပျော်နေတယ်လို့ ထုတ်ဖော် ပြောဆိုလာပြန်တာကြောင့် အခြေအနေက စောင့်ကြည့်ရဖွယ်ပါ။
ကိုင်ဆီဒို
ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုကို ပြန်လည် ချိတ်ဆက်ဖို့ အာဆင်နယ်ဘက်က ပြင်ဆင်နေပါတယ်။ ဇန်နဝါရီ တုန်းက ကွင်းလယ်လူအတွက် ပေါင် ၇၅ သန်းဖြင့် ချိတ်ဆက်မှု ပယ်ချခံခဲ့ရပေမယ့် ဒီနွေမှာ တူညီတဲ့ ပမာဏ လောက်ဖြင့် ပြန်လည် ကမ်းလှမ်းမှာပါ။
ကိုင်ဆီဒိုကို ခေါ်ယူလိုတဲ့ ကလပ်က များပြားတာကြောင့် အာဆင်နယ်ဟာ ကြမ်းခင်းဈေး စပေးတဲ့ အသင်း ဖြစ်လိုသလား မသေချာဖြစ်နေပါတယ်။
လီဂူးဝမ်း တိုက်စစ်ကြယ်ပွင့်
လီဂူးဝမ်းကလပ် မောင့်ပယ်လီယာအသင်း ဥက္ကဋ္ဌက သူတို့အသင်းရဲ့ လူငယ်တိုက်စစ်သမား ဝါဟီကို အာဆင်နယ် ဘက်က စိတ်ဝင်စားနေကြောင်း ထုတ်ပြောခဲ့ပါတယ်။ ဝါဟီကို ခေါ်ယူဖို့ ကလပ် ၅ သင်းလောက် ရှိပေမယ့် အာဆင်နယ် ပါဝင်ကြောင်းကို သူ ကိုယ်တိုင်ကပဲ ထုတ်ပြောသွားခဲ့တာပါ။
အစွန်သမား တစ်ဦး ခေါ်ယူရေး
ဗယ်လာဒိုးလစ်အသင်း အစွန်လူ ဖရတ်စနာဒါကို ခေါ်ယူရေးမှာ အာဆင်နယ်က ဒေါ့မွန်ကို အရေးမသာဖြစ်နေပါတယ်။ ဖရတ်စနာဒါကို မခေါ်ယူနိုင်ရင် ဒုတိယ ဦးစားပေးအဖြစ် လက်စတာအသင်း ခံစစ်သမား ကာစတိန်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းဘက်က စဉ်းစားထားပြီး စကားပြောမှုတွေ ခပ်မြန်မြန် ဖြစ်လာနိုင်ပါတယ်။