ဒီနွေမှာတော့ ဥရောပ ကြယ်ပွင့်တွေ အပါအဝင် ပရီးမီးယားလိဂ် ကစားသမား များစွာဟာ ဆော်ဒီပရိုလိဂ်ထံ များပြားတဲ့ ငွေကြေးတွေနဲ့အတူ ထွက်ခွာနေကြပြီ ဖြစ်ပါတယ်။
ဥရောပ နွေဈေးကွက် စတာနဲ့ ဆော်ဒီဘက်က ကလပ်တွေက ရီးရဲလ်တိုက်စစ်မှုး ဘန်ဇီမာ ကို ခေါ်ချလိုက်သလို ချယ်ဆီး ကွင်းလယ်လူ ကန်တေကိုလည်း ခေါ်ယူသွားခဲ့ပါတယ်။
ဆော်ဒီဘက်က ခပ်ကြမ်းကြမ်း ခေါ်ယူမှုတွေ ဆက်တိုက် ပြုလုပ်နေရာမှာ ဝုဗ်အသင်း ကွင်းလယ်လူ နီဗက်စ်ကို ပေါင် ၄၇ သန်းဖြင့် လက်မှတ်ထိုးသွားခြင်းလည်း ပါဝင်လာခဲ့တယ်။ ဒါ့အပြင် များစွာသော ကစားသမားတွေဟာ ဆော်ဒီကလပ်ထံ ရောက်ရှိ သွားနိုင်ချေ ရှိနေပါသေးတယ်။
ထွက်ပေါ်လာတဲ့ မေးခွန်းက ဒါဟာ မျှတတဲ့ ဈေးကွက်ဖြစ်ရဲ့လား ဆိုတာနဲ့ FFP ထိန်းချုပ်မှုအောက်မှာ မှန်ကန်တဲ့ အပြောင်းအရွှေ့တွေ ဖြစ်ခဲ့လားဆိုတာကို အမြန်ဆုံး စစ်ဆေးဖို့ဖြစ်ပါတယ်။ မဟုတ်ခဲ့ဘူးဆိုရင် အင်္ဂလန် ဘောလုံး လောကမှာ အရှုပ်အထွေးတွေ ဖြစ်လာနိုင်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီ နဗီးက ဆော်ဒီဘက်က ကလပ်တွေ ဒီလို လူခေါ်ကြမ်းနေတဲ့ အပေါ် ဘာမှ မလုပ်ကြတော့ဘူးလားလို့ မေးခွန်း ထုတ်လာပါတယ်။
” ပရီးမီးယားလိဂ် အနေနဲ့ ဆော်ဒီဘက်က အပြောင်းအရွှေ့ ခေါ်ယူမှုတွေ လုပ်နေတဲ့အပေါ် စစ်ဆေးဖို့များ မရှိဘူးလား။ ဒီကိစ္စတွေကို ရပ်တန့်ဖို့အတွက် စည်းကမ်းထိန်းသိမ်းမှုတွေကို အမြန်ဆုံး လုပ်ဆောင်ရပါမယ်။
မမှန်ဘူးဆိုရင်လည်း မမှန်ကြောင်း သိရတာပေါ့။ လွတ်လပ်တဲ့ စစ်ဆေးမှုတွေကို အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်တယ်။ ကျနော်တို့ရဲ့ ဘောလုံးပွဲတွေအပေါ် ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ” လို့ သတိပေးသွားခဲ့ပါတယ်။
ချယ်ဆီး ကစားသမားတွေဖြစ်တဲ့ ဇီယက်ချ်၊ ကိုလီဘာလေနဲ့ မန်ဒီတို့ဟာလည်း ဆော်ဒီလိဂ်ထံ ပြောင်းတော့မယ့် ကစားသမားတွေပါ။ တော့ဘိုလီ လက်ထက် အသုံးစရိတ် သန်း ၆၀၀ ကျော် သုံးထားတဲ့ ချယ်ဆီးဟာ FFP စည်းမျဉ်း အောက်မှာ ထိန်းချုပ်မှုရှိနေကြောင်း ပြသဖို့ လူစာရင်း ရှင်းထုတ်မှုတွေ လုပ်နေရပါတယ်။
ဆော်ဒီရင်းနှီးမြုပ်နှံမှု အဖွဲ့ဟာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ရဲ့ ရှယ်ယာ ၈၀% ကို ပိုင်ဆိုင်ထားသလို ချယ်ဆီးရဲ့ အဓိက ပိုင်ရှင်တွေဖြစ်တဲ့ Clearlake Capital မှာလည်း ရင်းနှီးမြုပ်နှံမှုကြီးတွေ ဝင်ထားတာပဲ ဖြစ်ပါတယ်။