အာဆင်နယ်အသင်းဟာ ဒီနွေမှာ ပေါင် သန်း ၂၀၀ အကုန်အကျခံပြီး ကစားသမားသစ် ၃ ဦးဖြစ်တဲ့ ကိုင်ဟာဗက်၊ ဒီကလန်ရိုက်စ်နဲ့ တင်ဘာတို့ကို ခေါ်ယူထားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ ၃ ယောက်နဲ့တင် ကျေနပ်နေမှာ မဟုတ်ဘဲ အာတီတာက နောက်ထပ် ခေါ်ယူမှုတွေ လုပ်ဖို့ ရှိသေးကြောင်း အသိပေးထားပါတယ်။

နည်းပြအာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့ဟာ ကလပ်အတွက် ရေရှည်မှာ အကျိုးဖြစ်မယ့် ကစားသမား တွေကို ခေါ်ယူနေသလို ရှင်းထုတ်မှုတွေကိုလည်း ဆက်တိုက် ပြုလုပ်လာဦးမှာပါ။

မှန်ကန်တဲ့ လုပ်ဆောင်မှုတွေက အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလား ပြန်လည် အနိုင်ရစေမယ်လို့ ယုံကြည်ချက်တွေ တိုးပွားလာစေပါတယ်။ အာဆင်နယ် ဂန္တဝင် နည်းပြဟောင်းကြီး ဖြစ်တဲ့ အာဆင်ဝင်းဂါးကတော့ ဂန်းနားတို့ ရွှေ့ကွက်တွေ ကို အားရနေပြီး အမှတ်ပေးဖလား စိန်ခေါ်နိုင်မယ် ယုံကြည်နေပြီ ဖြစ်ပါတယ်။

အာဆင်ဝင်းဂါးက “ သိပ်ကောင်းတဲ့ ခေါ်ယူမှုတွေ လုပ်နေပါတယ်။ အသက် ၂၃၊ ၂၄ ဆိုတာက ရင့်ကျက်လာသလို ငယ်ရွယ်နေဆဲ ကစားသမားတွေပါ။ မနှစ်က သူတို့တွေ ဖိအားရှိခဲ့ပေမယ့် အများကြီး သင်ယူနိုင်ခဲ့ပါတယ်။

အခုချိန်မှာ အာဆင်နယ်က ဘဏ္ဍာရေးပိုင်းမှာ ကောင်းမွန်တဲ့ အခြေအနေကို ရောက်နေပါပြီ။ ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ အကူအညီဖြစ်မယ် ထင်တဲ့ ကစားသမားတွေကို ခေါ်ယူမှုတွေ လုပ်နေပါတယ်။

ကျနော်တို့ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။ အဲ့လောက်ကို ရိုးရှင်းပါတယ်။ ဒီကနေ့မှာ အာဆင်နယ်အပေါ် သံသယတွေ ပိုနည်းပါးလာပါပြီ ” လို့ သုံးသပ် ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။