ဖာဘင်ညို၊ ဟန်ဒါဆန် တို့ကို လက်လွှတ်ရမလို ဖြစ်နေတဲ့ လီဗာပူး အသင်းအတွက် ဆော်ဒီကလပ်တွေရဲ့ ထိုးနှက်မှုက မရပ်တန့်သေးပါဘူး။
ဆော်ဒီကလပ် Al Hilal အသင်းဟာ လီဗာပူး တိုက်စစ်သမား ဒီယက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်လာနေပါတယ်။
ပေါ်တူဂီ သတင်းဌာန Record က ဖော်ပြရာမှာ နည်းပြ Jorge Jesus က ဒီယက်ဇ်ကို ခေါ်ယူပြီး သူ့အသင်း တိုက်စစ်ကို အင်အားဖြည့်လိုနေတာလို့ ဆိုပါတယ်။ မနှစ်ကရာသီမှာ ဒဏ်ရာကြောင့် ၂ ကြိမ် အနားယူခဲ့ရတဲ့ ဒီယက်ဇ်ဟာ လက်တလောမှာ လီဗာပူးအသင်းနဲ့ ဂျာမနီမှာ ရာသီကြို ပြင်ဆင်နေပါတယ်။
ဆော်ဒီပရိုလိဂ်ဘက်က ကိုလံဘီယာ အသင်းခေါင်းဆောင်ကို ယူရို သန်း ၅၀ ဖြင့် ကမ်းလှမ်းလိုနေတာပါ။ လီဗာပူး ဘက်ကတော့ တိုက်စစ်သမားကို ရောင်းရန် မဟုတ်လို့ ဆုံးဖြတ်ထားတာမို့ အဆိုပါ ပြောင်းရွှေ့ကြေးကို လက်ခံသွားဖွယ် မရှိပါဘူး။
၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ဒီယက်စ်ဟာ ပေါ်တိုကနေ လီဗာပူးထံ ကနဦး ပေါင် ၃၇.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကလော့ပ်ရဲ့ အသင်းမှာ ခပ်မြန်မြန်ပဲ အသားကျခဲ့ပါတယ်။
လီဗာပူးတိုက်စစ်မှာ ဆာလာ၊ ဂက်ပို၊ ဒါဝင်၊ ဂျိုတာ၊ ဒီယက်ဇ်တို့ ၅ ဦးထိ ရှိနေပြီး ဘယ်ခြမ်းနေရာ ကစားသမား အများအပြား ရှိနေတာပါ။ နည်းပြကလော့ပ်ကတော့ ဒီယက်ဇ်ကို ဘယ်ခြမ်းရဲ့ အဓိက တိုက်စစ်သမားအဖြစ် လာမယ့်ရာသီမှာ အသုံးပြုလာဖို့ ရှိနေပါတယ်။