ချယ်ဆီးအသင်းဟာ ကွင်းလယ်လူ ကိုင်ဆီဒို အတွက် ဈေးတိုးပေးထားတဲ့ ဒုတိယမြောက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပြန်ပြီ ဖြစ်ပါတယ်။

ချယ်ဆီးဘက်က ပေါင် သန်း ၆၀ ဖြင့် စတင်လာခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် ကမ်းလှမ်းမှုဟာ ပေါင် သန်း ၇၀ + ထပ်တိုးကြေး ပါဝင်ခဲ့တာပါ။ ဒါပေမယ့် ဘရိုက်တန်ကတော့ ပေါင် သန်း ၁၀၀ ထိ လိုချင်တာကြောင့် ချယ်ဆီးတို့ နောက်ဆုံး ကမ်းလှမ်းထားတဲ့ ပမာဏကိုလည်း လက်ခံသွားမှာ မဟုတ်ပါဘူး။

မနေ့ကပဲ ဖိုဖာနာ ဒူးဒဏ်ရာ ခွဲစိတ်ရကြောင်း သတင်းကို ချယ်ဆီးဘက်က အတည်ပြုခဲ့ကာ လာမယ့် ဈေးကွက်အတွင်း ခံစစ်မှူးသစ် ခေါ်ယူဖို့ကို အားစိုက်ရမှာပါ။ ရာသီသစ် မစခင် ကစားသမားသစ်တွေ အမြန်ရဖို့ကို ပိုချက်တီနိုက အလျင်လိုလာနေပြီ ဖြစ်ပါတယ်။

ချယ်ဆီးနည်းပြသစ်က ‘ မှန်ကန်တဲ့ ကစားသမားတွေ အသင်းကို ရောက်လာပြီး လူစာရင်းကို ပိုတောင့်တင်းလာတာမျိုး ဖြစ်စေချင်ပါတယ်။ တတ်နိုင်သလောက် အပြောင်းအရွှေ့ အမြန်ဆုံး ဖြစ်တာက နောက်ကျတာထက် ပိုကောင်းပါတယ်။ မနက်ဖြန်မှထက် ဒီနေ့ ခေါ်ယူနိုင်ရင် ပိုကောင်းပါတယ်။

ကျနော်တို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေနဲ့ အလုပ်အတူ တွဲလုပ်ရဖို့ လိုပါတယ်။ သူတို့ကို ခပ်မြန်မြန်ရဖို့က ခက်ခဲမှာပါ။ ဘာပဲဖြစ်ဖြစ် လူစာရင်းကောင်း တည်ဆောက်နိုင်မယ်၊ ပရီးမီးယားလိဂ်မှာ ပါဝင် ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေမယ် လို့ ယုံကြည်နေဆဲပါ ’ လို့ ပြောဆိုခဲ့တယ်။

ချယ်ဆီး တာဝန်ရှိသူတွေကတော့ ကိုင်ဆီဒိုအတွက် နောက်ဆုတ်သွားမှာ မဟုတ်ဘဲ ပေါင် သန်း ၈၀ အပြင် ထပ်တိုးကြေး ပါမယ့် နောက်ထပ် ကမ်းလှမ်းမှု ပြုလုပ်မယ့် အကြောင်း တုန့်ပြန်ထားတယ်လို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။