ဆော်ဒီဘက် ပြောင်းမယ့် ကွင်းလယ် ကစားသမား ဖာဘင်ညိုရဲ့ အပြောင်းအရွှေ့ ကိစ္စဟာ ပျယ်ဖွယ်ရှိလာခြင်းကြောင့် ကစားသမားဟာ ဒီအပတ်မှာပဲ လီဗာပူးအသင်းနဲ့ လေ့ကျင့်ရေး ပြန်ဝင်မယ်လို့ သိရပါတယ်။
အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ဆော်ဒီကလပ် Al-Ittihad က ပေါင် သန်း ၄၀ ဖြင့် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး အခုချိန်ထိ အပြီးသတ်နိုင်ခြင်း မရှိတာဖြစ်ပါတယ်။ အပြောင်းအရွှေ့အတွက် ကလပ်နှစ်သင်းကြား ဆက်လက် စကားပြောနေပေမယ့် အဖြေရှာမတွေ့ရင် ပျယ်ပြယ်သွားဖို့ များနေပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဂျာမနီလေ့ကျင့်ရေး ထွက်ခွာစဉ်မှာ ကစားသမားဘက်က အသင်းပြောင်းလိုကြောင်း တောင်းဆိုခြင်းနဲ့ အတူ သူ့ကို လီဗာပူးမှာ ချန်ထားခဲ့တာပါ။ ဆော်ဒီဘက်က ညိနှိုင်းမှုဟာ တိုးတက်မှု နှေးကွေးနေခြင်းကြောင့် ဒီအပတ်မှာ သူဟာ လီဗာပူးအသင်းနဲ့ လေ့ကျင့်ရေး ပြန်ဝင်မှာ ဖြစ်ပါတယ်။
ဖာဘင်ညိုရဲ့ ခွေးနှစ်ကောင်ဟာ ဆော်ဒီအာရေဗျ ဥပဒေအရ ခေါ်ယူခွင့် မရှိတာမို့ အပြောင်းအရွှေ့ ပျယ်ဖွယ်ရှိလာတာ ဆိုတဲ့ ကောလဟာတွေကတော့ မမှန်ကန်ပါဘူး။ ဖာဘင်ညိုအတွက် ပြောင်းရွှေ့ကြေးတွေ တရားဝင် လမ်းကြောင်းတွေ က ရရှိနိုင်ရေး အဆင်မပြေခြင်းကပဲ အဓိက အခက်အခဲလို့ အသံထွက်နေတယ်။
ဘရာဇီးသား ကွင်းလယ် ကစားသမား ဖာဘင်ညိုဟာ လီဗာပူးနဲ့ ၂၀၂၆ ခုနှစ်ထိ စာချုပ်ရှိထားပြီး အခုလို ဆော်ဒီကလပ် Al-Ittihad နဲ့ အဆင်မပြောချိန်မှာ သူ့ကို ကြားဖြတ် ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ဘက်က စိတ်ဝင်စားနေပါတယ်။