မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြ တန်ဟက် အလိုရှိတဲ့ အတိုင်း ကာဆီမီရိုကို ခေါ်ယူခဲ့ခြင်းဟာ ရေရှည် ပြဿနာကို မဖြေရှင်းနိုင်တာကြောင့် မကြာခင်မှာ တူညီတဲ့ အခက်အခဲမျိုး ပြန်ရောက်လာမယ်လို့ လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက ထောက်ပြသွားပါတယ်။

ဒီနွေမှာ ထိပ်သီးအသင်းတွေဟာ နံပါတ် ၆ နေရာတွေကို အပြိုင်အဆိုင် အားဖြည့်လာကြတယ်။ မနှစ်ကနွေမှာ ယူနိုက်တက်က ကာဆီမီရိုကို ပေါင် သန်း ၆၀ ပေးပြီး ခေါ်ယူထားပေမယ့် ဒါဟာ ဒီဂျောင်းကို မရလိုက်လို့ လုပ်မိ လုပ်ရာ ခေါ်ယူမှုလို့ လီဗာပူးခံစစ်မှူးဟောင်းက မြင်ပါတယ်။

ကာရေဂါက ” ကိုင်ဆီဒိုနဲ့ ရိုက်စ်တို့က ဥပမာကောင်းတွေပါ။ သူတို့ကို ခေါ်ယူလိုက်တာက နောက်ထပ် ၆ နှစ်၊ ၇ နှစ်စာ အတွက် သူတို့နေရာ လူဖြည့်စရာ မလိုတော့ပါဘူး ” လို့ နှိုင်းယှဉ် ဥပမာပေးပါတယ်။

ယူနိုက်တက်တို့ ကာဆီမီရိုကို ခေါ်ယူလိုက်ခြင်းကို ကာရေဂါက အထင်မကြီးပါဘူး။ ဘရာဇီးသားဟာ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင်တွေဖြစ်တဲ့ ရိုက်စ်၊ ကိုင်ဆီဒိုတို့လို ရေရှည် အကျိုးဖြစ်မယ့် ကိစ္စ မဟုတ်ဘဲ ယူနိုက်တက်တို့ ဈေးကွက်ထဲ ထိတ်လန့်တကြား ခေါ်ယူခဲ့မှုလို့ ကာရေဂါက မြင်ပါတယ်။

” ကာဆီမီရိုအတွက် ပေးရတာ တန်တယ်လို့ မထင်ဘူး။ သူက ကမ္ဘာ့အဆင့် ကစားသမား မဟုတ်ဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ သူ့ အသက်အရွယ်အရ ယူနိုက်တက် ပေးခဲ့ရတဲ့ များပြားတဲ့ တန်ကြေးအတွက် ပြန် ပေးဆပ်နိုင်မယ့်သူ မဟုတ်တာပါ။

ယူနိုက်တက်တို့ ထိတ်ထိတ်ပြာပြာ ခေါ်ယူခဲ့တာပါ။ ကြီးမားတဲ့ ပြောင်းရွှေကြေး၊ လုပ်ခမျိုး ပေးခဲ့ရပေမယ့် သူ့ အသက်အရွယ်အရ လာမယ့် နှစ်နှစ်အတွင်း ယူနိုက်တက်ဟာ မြင့်မားတဲ့ ပမာဏနဲ့ သူ့နေရာ ပြန်ပြီး အစားထိုးရဦးမှာပါ ” လို့ ကာရေဂါက သုံးသပ် ထောက်ပြ သွားတာ ဖြစ်ပါတယ်။