တနင်္ဂနွေနေ့ည အစောပိုင်း ပွဲမှာ မန်စီးတီးဟာ အဝေးကွင်းမှာ ပရီးမီးယားလိဂ် တန်းတက် ရှက်ဖီးယူနိုက်တက်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ထိုက်တန်တဲ့ အနိုင်ရလဒ်ကို ရယူသွားပါတယ်။
တစ်ပွဲလုံးကို စီးတီးတို့ ဖိကစားနိုင်ခဲ့သလို အခွင့်အရေး များစွာရခဲ့ပေမယ့် ဂိုးရဖို့ ခက်ခဲနေခဲ့တာပါ။ ပင်နယ်တီကို ဟာလန်း အဆုံးသတ်ရာမှာလည်း တိုင်ထိပြီး ပြန်ထွက်ခဲ့ပါတယ်။
ဂရီလစ်ထံက ဖြတ်တင်ဘောကို ဒုတိယပိုင်းမှာ ဟာလန်း ခေါင်းတိုက် သွင်းခဲ့ပေမယ့် အဆင်ပြေပြေနဲ့ ပွဲပြီးခဲ့တာ မဟုတ်ပါဘူး။
အဆုံးမှာတော့ စီးတီးဟာ ရာနှုန်းပြည့် နိုင်ပွဲကို ဆက်ထိန်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားအား ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ စီးတီးဟာ အသင်းကြီးဆိုတာ ဘာလဲ ပြသခဲ့တာပါလို့ ကာရေဂါက ထုတ်ဖော် ချီးကျူးခဲ့ရတယ်။
ကာရေဂါက ” စိတ်လှုပ်ရှားစရာ ပွဲတစ်ပွဲအဖြစ် အဆုံးသတ်ခဲ့တယ် မဟုတ်လား။ ရှက်ဖီးက ၁-၁ ရလဒ် ယူလိုက်တဲ့ အချိန်မှာ မန်စီးတီးတို့ နည်းနည်းပြာ သွားတယ် ထင်မိပါတယ်။ ပရိသတ်တွေထံက ရတဲ့ အားနဲ့ ရှက်ဖီးတို့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။
မန်စီးတီးတို့ တည်တည်ငြိမ်ငြိမ် ရှိနေဖို့ လိုအပ်ခဲ့တာပါ။ အဆုံးမှာတော့ မန်စီးတီးက သူတို့ရဲ့ အဆင့်အတန်းကို ပြသသွားပါတယ်။ ထိပ်တန်း အသင်းဆိုတာ ဒီလိုဖြစ်နေရမယ် ဆိုပြီးပေါ့ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။