လီဗာပူး အသင်းဟာ ဒီတပတ် နယူးကာဆယ်နဲ့ ပွဲမှာ လီဗာပူး အသင်းခေါင်းဆောင် ဖြစ်တဲ့ နောက်ခံလူ ဗန်ဒိုက် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ တစ်ယောက်လျော့ပေမယ့် လီဗာပူးက အိမ်ရှင် နယူးကာဆယ်ကို ၂-၁ နဲ့ ရအောင် အနိုင်ယူသွားခဲ့ပါသေးတယ်။
ဗန်ဒိုက်ရဲ့ အိုင်ဆက်ကို ဖြတ်ထုတ်မှုဟာ ပြင်းထန်မှု မရှိပေမယ်လို့ ဂိုးကန်သွင်းမှုကို ပိတ်ပင်ခဲ့တာ ဖြစ်တယ် ဆိုပြီး ဒိုင်က တိုက်ရိုက် အနီနဲ့ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူး နည်းပြ ကလော့ပ်ကတော့ ဗန်ဒိုက် တစ်ယောက် ၃ ပွဲပယ် ထိမလား ဆိုတာထက် အနီကတ်တောင် မရခဲ့သင့်ဘူးလို့ ယုံကြည်နေပါတယ်။
ကလော့ပ်က ” ဗန်ဒိုက်က တဖက်လူကို သွားမထိခဲ့ဘူးလေ။ သူက ဘောလုံးဆီကိုပဲ သွားခဲ့တာပါ။ ဘောလုံးကို လိုက်ရင်းနဲ့မှ လမ်းမှာ ထိမိခဲ့တယ်။
ဒီလို တမင် မဟုတ်တဲ့ ကိစ္စအတွက် ၃ ပွဲတောင် ပယ်ဦးမယ် ဆိုရင်တော့ အိုးမိုင်ဂေါ့ဒ် ပေါ့။ မယုံနိုင်စရာတွေ ဖြစ်တော့မှာပဲ။ ဘယ်လို ဖြစ်မလဲကတော့ စောင့်ကြည့်ရဦးမှာပါ။ ” လို့ ပွဲအပြီး စကိုင်းစပေါ့မှာ ဆိုခဲ့ပါတယ်။
ကံကောင်းတာက ဗန်ဒိုက်ဟာ ဂိုးသွင်းမယ့် အခွင့်အရေးကို တားဆီးခဲ့တာ ဖြစ်ပြီး အကြမ်းပတမ်း ဖျက်ထုတ်တဲ့ foul မျိုး ကျူးလွန်ခဲ့တာ မဟုတ်တာကြောင့် တစ်ပွဲပယ် ပြစ်ဒဏ်ပဲ ကျခံရဖွယ် ရှိတယ်လို့ သိရပါတယ်။
တကယ်လို့သာ ထိုအတိုင်း ဖြစ်လာခဲ့ရင်တော့ ဗန်ဒိုက်ဟာ နောက်တစ်ပတ် အက်စတွန်ဗီလာနဲ့ ပွဲ တစ်ပွဲကိုသာ လွဲချော်ဖွယ် ရှိပါတယ်။
အနီကတ်နဲ့ ထုတ်ပယ်ခံရပြီး ကွင်းထဲက အထွက်မှာ ဗန်ဒိုက်က ဒိုင်ကို စောဒက တက်မှုတွေ ရှိခဲ့တဲ့ အပေါ် ထောက်ပြမှုတွ ရှိနေသေးပြီး ထို အပြုအမူကြောင့် ၃ပွဲ ပယ် ပြစ်ဒဏ် ကျသင့်တယ်လို့ လူမှုကွန်ယက်ကနေ စောဒက တက်မှုတွေလည်း ရှိနေပါသေးတယ်။