မနေ့ညက လီဗာပူးအသင်းရဲ့ နယူးကာဆယ်ကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဗန်ဒိုက်ရဲ့ အနီကဒ် ဖြစ်ရပ်ဟာ အတော်လေး ပြောစရာ အတွေးပွားစရာ ဖြစ်ခဲ့ပါတယ်။
အိုင်ဆက်နဲ့ တစ်ယောက်ချင်း အနေအထားမှာ ဗန်ဒိုက်က နည်းနည်းလေး နောက်ရောက်နေပြီး ဘယ်ခြေနဲ့ ဘောလုံးကို ရှင်းထုတ်ရာမှာ နယူးကာဆယ် တိုက်စစ်သမားကိုပါ ကန်မိခဲ့ဟန် ရှိပါတယ်။ ပရီးမီးယားလိဂ်ကတော့ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကို နောက်ဆုံး တားဆီးသူအဖြစ် တိုက်ရိုက် အနီကဒ် ပြသခဲ့ပါတယ်။
‘ ဗန်ဒိုက်က အနီကဒ်ကို မေးခွန်းထုတ်နေတယ်။ သူက အိုင်ဆက်ရဲ့နောက် ပြေးလိုက်ရင်း ဘောလုံးရအောင် ရှင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အိုင်ဆက်ကို ဘောလုံးနဲ့အတူ ကန်ခဲ့တာပါ။ သူ့ရဲ့ ဘယ်ခြေနဲ့ ကန်ထည့်လိုက်တယ်။ ဗန်ဒိုက်က သိပ်မိုက်မဲတာပဲ။
သူ အရှိန်နဲ့ပြေးနိုင်နေတာပဲ။ ညာခြမ်းကလည်း နေရာယူထားတာလေ၊ အဲ့လို ရှင်းထုတ်မှု လုပ်စရာမလိုပါဘူး။ ဒီလို ရှင်းထုတ်မှုမျိုး အရင်နှစ်တွေက ဗန်ဒိုက် မလုပ်ပါဘူး။ ဗန်ဒိုက် အဖျက်ကြမ်းတာပါ။ ဗန်ဒိုက် မဖျက်ရင် အိုင်ဆက်က ကျော်သွားတော့မှာ ’ လို့ နဗီးက သူ့ အမြင်ကို ပြောဆိုခဲ့ပါတယ်။
ကာရေဂါကတော့ ဒါမျိုး မမြင်ပါဘူး။ အိုင်ဆက်နဲ့ ဗန်ဒိုက် ထိပ်တိုက်ဖြစ်ခဲ့တဲ့ အခြေအနေဟာ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးဆိုတာ ဘယ်လိုကြောင့်များ ပြောနိုင်မှာလဲလို့ သူက တုန့်ပြန်မေးခွန်းထုတ်ခဲ့တယ်။
ကာရေဂါကတော့ ‘ ဗန်ဒိုက် အမှားတွေ အများကြီး လုပ်မိတယ်။ သူက နည်းနည်း လေးတွဲနေပြီး အိုင်ဆက် နောက်ကနေ ပြေးလိုက်၊ စိန်ခေါ်မှုလုပ်ဖို့ ကြံစည်လိုက်တယ်။ ဒါပေမယ့် ဒီဖြစ်ရပ်က အနီကဒ် ပြသသင့်တယ်လို့ မထင်ပါဘူး။
ဒါက ဂိုးသွင်းနိုင်မယ် အခွင့်အရေးလို့ ခင်ဗျားတို့ ဘယ်လို ဆုံးဖြတ်မှာလဲ? ဗန်ဒိုက်က လေးနေပြီး ဒီရှင်းထုတ်မှု မလုပ်ခဲ့သင့်တာ ဖြစ်နိုင်ပေမယ့် အနီကဒ်တော့ မဟုတ်ခဲ့သင့်ပါဘူး။ သူလုပ်ခဲ့တာက ဂိုးသွင်းမယ့် အခွင့်အရေးကို တားဆီးတာ ဟုတ် မဟုတ် မသိပါဘူး။ ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ဗန်ဒိုက်ဟာ ဒီအနီကဒ်ကြောင့် နောက်ဆက်တွဲ ပွဲပယ် ပြစ်ဒဏ် ကျခံရတော့မှာဖြစ်ပြီး လီဗာပူးအသင်း အယူခံဝင်မလား မသိရသေးပါဘူး။