တနင်္ဂနွေနေ့ည စိန့်ဂျိမ်းပါ့ခ် ကွင်းမှာ ကစားခဲ့တဲ့ ပွဲမှာတော့ လီဗာပူး အသင်းဟာ အိမ်ရှင် နယူးကာဆယ် အသင်း အား မိနစ် ၆ဝ ကျော် တစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ပြီး ၂-၁ နဲ့ အနိုင်ရသွားခဲ့ပြီ ဖြစ်ပါတယ်။

နယူးကာဆယ်တို့ ပထမပိုင်း ပွဲချိန် ၂၅ မိနစ်တည်းက ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး ၂၈ မိနစ်မှာ လီဗာပူး အသင်းခေါင်းဆောင် ဗန်ဒိုက် တိုက်ရိုက် အနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

၁ဝ ယောက်ကျန် လီဗာပူး အသင်းဟာ အားလျော့မသွားဘဲ ဂိုးထပ် မပေးရဖို့ သေချာ ပိတ်ဆို့ ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ မှန်ကန်တဲ့ လူစားလဲမှုတွေနဲ့ အတူ တိုက်စစ်မှုး ဒါဝင် နူးညက်ဇ် က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းကာ လီဗာပူးအသင်းက ၂-၁ နဲ့ နိုင်ပွဲရသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး အတွက် ၂ဂိုး သွင်းပေးသွားကာ ဟီးရိုး ဖြစ်ခဲ့တဲ့ တိုက်စစ်မှုး ဒါဝင် နူးညက်ဇ် ကတော့ သူ့သွင်းဂိုးတွေက အသင်း နိုင်ပွဲ ရအောင် ကူညီပေးနိုင်ခဲ့လို့ ပျော်ရွှင်ရကြောင်း ရိုးရိုးရှင်းရှင်းပဲ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

” ကျနော် အသင်းရဲ့ နိုင်ပွဲ အတွက် သူတို့ကို ကူညီနိုင်ခဲ့တာ အတွက် သိပ်ကို ပျော်နေပါတယ်။ တစ်ယောက် လျော့သွားပေမယ့် အသင်းက တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဒီလို အခိုက်အတန့်တွေမှာ သေချာ အားထုတ် နိုင်ခဲ့တယ်။ ကျနော် ၂ဂိုး သွင်းနိုင်ပြီး အသင်းကို အကူအညီ ဖြစ်စေခဲ့တာ ပျော်တာပေါ့ဗျာ။ ” လို့ နူးညက်ဇ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ၃ ပွဲ ကစားပြီးချိန်မှာ လီဗာပူး က ၂ ပွဲ နိုင်၊ ၁ ပွဲ သရေနဲ့ ၇ မှတ် ရရှိထားကာ အမှတ်ပေး ဇယား အဆင့် ၄ နေရာမှာ ရှိနေပါတယ်။