နယူးကာဆယ်နဲဥ ပွဲမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ လီဗာပူး နောက်ခံလူ ဗာဂျေး ဗန်ဒိုက်ဟာ နောက်ထပ် ထပ်တိုး ပြစ်ဒဏ် အချို့ပါ ရင်ဆိုင်ရဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာပါတယ်။
အဆိုပါပွဲမှာ လီဗာပူးအသင်းက မိနစ် ၇၀ နီးပါးကို တစ်ယောက်လျော့ဖြင့် ကစားခဲ့ပေမယ့် ဒါဝင် နူးညက်စ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၂-၁ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။
တနင်္ဂနွေနေ့က စိန့်ဂျိမ်းပက်ခ်မှာ တိုက်စစ်သမား အိုင်ဆက် ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကို တားဆီးတယ်ဆိုပြီး ကွင်းလယ်ဒိုင်က ဗန်ဒိုက်ကို တိုက်ရိုက် အနီကဒ် ပြသခဲ့တာဖြစ်ပါတယ်။ ဗန်ဒိုက်ရဲ့ တားဆီးမှုဟာ ကောင်းမွန်တဲ့ တားဆီးမှုလား? ဂိုးရနိုင်တဲ့ အခွင့်အရေးကို ဟန့်တားမှုလား? ဆိုပြီး အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။
ဗန်ဒိုက်ဟာ အနီကတ်ရပေမယ့် ခပ်ကြမ်းကြမ်း ဖြတ်ထုတ်မှု မဟုတ်တာကြောင့် နောက်ဆက်တွဲ ၁ ပွဲပယ် ပြစ်ဒဏ်ကိုသာ ရင်ဆိုင်ရမှာပါ။ ဒါကြောင့် လာမယ့်အပတ် အက်စတွန်ဗီလာနဲ့ပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လို့ ကွင်းတွင်းက ဒိုင်လူကြီးတွေအပေါ် သူ့ရဲ့ အပြုအမှုအတွက် နောက်ထပ် သီးခြား ပြစ်ဒဏ်တစ်ရပ် ထပ်ပေးဖို့ အက်ဖ်အေဘက်က စဉ်းစားနေတာ ဖြစ်ပါတယ်။
ဗန်ဒိုက်က ဒိုင်လူကြီး ဂျွန်ဘရုတ်ခ်ရဲ့ ဆုံးဖြတ်ချက်ကို ချက်ခြင်း လက်မခံခဲ့သလို စတုတ္ထဒိုင် ခရိတ်ပေါဆန်ကိုတော့ ဆဲရေးမှုပါတဲ့ စကားတစ်ခွန်း ပြောခဲ့တာပါ။ ဒါဟာ ဒိုင်လူကြီးတွေကို မသင့်လျော်တဲ့ အပြုအမှု မလုပ်ရဘူးဆိုတဲ့ အက်ဖ်အေရဲ့ ကန့်သတ်ချက်ကို ညိစွန်းနေတာ ဖြစ်ပါတယ်။
ဒီအတွက်ပါ ထပ်တိုး ၃ ပွဲပယ် သတ်မှတ်မယ် ဆိုရင် စုစုပေါင်း ၄ ပွဲပယ်ထိ ဗန်ဒိုက် ပြစ်ဒဏ်က ပြင်းထန် သွားနိုင်ပါတယ်။ တကယ်လို့ ထိပ်တိုး က တစ်ပွဲ ပယ် ဆိုရင်တော့ စုစုပေါင်း ၂ ပွဲပယ် ဖြစ်ကာ ဝုဗ်နဲ့ ပွဲ ဆက်လက် လွဲချော်ဖွယ် ရှိပါတယ်။
လီဗာပူးဘက်က အယူခံဝင်မလား? အက်ဖ်အေကကော တကယ်ပဲ ထပ်တိုး အရေးယူသွားမလား? အခြေအနေကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။