ဆော်ဒီကလပ် Al-Ittihad အသင်း ဟာ လီဗာပူး တိုက်စစ်မှုး မိုဟာမက် ဆာလာ အတွက် ကမ်းလှမ်းမှု စတင် ပြုလုပ်လာခဲ့ပြီး လီဗာပူးကလည်း တခါတည်း ငြင်းဆန် ပယ်ချလိုက်ပြီ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ပိတ်ခါနီးရက်မှ ဆော်ဒီကလပ်က ဆာလာ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ ဖြင့် တကယ် ကမ်းလှမ်းလာတာပါ။

ဆာလာ ကို ဆော်ဒီကလပ်ဘက်က ကမ်းလှမ်းမယ်ဆိုတာ အရင်အပတ်တည်းက သတင်းကြီးနေခဲ့ပြီး ပရီးမီးယား လိဂ် အပြောင်းအရွှေ့ နောက်ဆုံးရက်မှာပဲ ကနဦး ပေါင် သန်း ၁၀၀ ပေးကာ ထပ်တိုးကြေးတွေ များပြားစွာ ပါဝင်တဲ့ ကမ်းလှမ်းမှုကို အမှန်တကယ် ပြုလုပ်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီအတွက် ဆာလာဟာ အရေးပါတဲ့ ကစားသမား အဖြစ် ပါဝင်နေဆဲလို့ ယုံကြည်နေတဲ့ လီဗာပူး ကတော့ အဆိုပါ ကမ်းလှမ်းမှုကို တခါတည်း ပယ်ချလိုက်ပြီး အသက် ၃၁ နှစ်အရွယ် တိုက်စစ်သမားကို ရောင်းထုတ်မှာ မဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီကနေ့မှာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကို ခေါ်ယူဖို့ ရှိပေမယ့် နောက်ထပ် ကစားသမားသစ် ထပ်ရဖွယ် မရှိတော့ပါဘူး။

ဒါကြောင့် လီဗာပူး အနေနဲ့ ဆာလာကို မရောင်းထုတ်ရဖို့ကို ဆော်ဒီ အပြောင်းအရွှေ့ ပြီးမယ့် စက်တင်ဘာလ ၂၀ ရက်နေ့ ထိ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။

ဈေးကွက်ပိတ်ချိန် မတူညီကြခြင်းအပေါ် ကလော့ပ်ကတော့ ‘ ဆော်ဒီအခြေအနေက ကျနော်တို့အတွက် သိပ် အဆင်မပြေဘူးဆိုတာ နားလည်ပါတယ်။ အပြောင်းအရွှေ့က ဘောလုံးလောကရဲ့ အစိတ်အပိုင်းဆိုပေမယ့် ကျနော်တို့ ဈေးကွက်တွေ ပိတ်သွားချိန်ထိ သူတို့ ဈေးကွက် ဆက်ဖွင့်နေသေးတာကို ဘယ်လို ကိုင်တွယ်နိုင်မှာလဲ?

နွေဈေးကွက် ပိတ်သွားရင် ကျန်နေတဲ့ စာရင်းဟာ ဇန်နဝါရီထိ ကျနော်တို့ လူစာရင်းပဲ။ တာဝန်ရှိသူတွေက ဈေးကွက်ကို တစ်ချိန်တည်း ဖြစ်နေအောင် လုပ်ပေးသင့်ပါတယ်။ ဖီဖာကလည်း ကြိုးစားပေးမယ်လို့ ထင်ပါတယ် ‘ လို့ ကလော့ပ်က ဆိုထားပါတယ်။