အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ကို နိုင်ခဲ့တဲ့ပွဲရဲ့ အဓိက သော့ချက်က ဘရိုက်တန်ရဲ့ ဘောလုံးပိုင်ဆိုင်မှု အခြေခံတဲ့ စတိုင် ဖြစ်တယ် နည်းပြဒီဇာဘီက ထုတ်ဖော် ပြောဆိုလာပါတယ်။

ယူနိုက်တက်တို့ ပွဲကို အကောင်းဆုံး စတင် နိုင်ခဲ့ပေမယ့် ဘရိုက်တန်ရဲ့ ခြေစွမ်းထက်မှုကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ နည်းပြနှစ်ဦးရဲ့ နည်းစနစ်ပိုင်း ပြိုင်ဆိုင်မှုဟာ ထက်မြက်ပုံခြင်း အတော်လေး ကွာခြားခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဒီဇာဘီက ‘ ကျနော်တို့ ကစားတာ သိပ်ကောင်းခဲ့တယ်။ နိုင်ဖို့ ထိုက်တန်ခဲ့တယ်။ ပထမပိုင်း မိနစ် ၂၀ လောက်ထိတော့ ကျနော်တို့ တော်တော် ခံလိုက်ရတယ်။ ယူနိုက်တက်က ကျနော်တို့ ကြိုလေ့လာထားသလို မဟုတ်ဘဲ အခြား နည်းလမ်းနဲ့ ကစားနေခဲ့တာလေ။

ကျနော်တို့အသင်း ဘောလုံးကို ထိန်းထားနိုင်တာက ပွဲအဖြေကို ပြောင်းသွားစေတယ်။ သူတို့ရဲ့ ဖိအားပေးမှုက သန်မာပေမယ့် ကျနော်တို့ ဘောလုံးကို ဆက်ထိန်းနိုင်ပြီး ပွဲကို ထိန်းချုပ်လိုက်နိုင်တယ်။ ကျနော်တို့ ၃ ဂိုး သွင်းခဲ့ပေမယ့် ဂိုးတွေ သွင်းဖို့ အခွင့်အရေး အများကြီး ရပါသေးတယ် ’ လို့ ပြောပါတယ်။

နည်းပြတန်ဟက်က စိန်ပွင့်ပုံစံ ကွင်းလယ်ကြောင်းကို ခင်းကျင်းလာတာနဲ့အတူ ပြိုင်ဘက်ရဲ့ နည်းစနစ်ကို အသားကျလာဖို့ အချိန်အနည်းငယ် ယူခဲ့ရတယ်လို့ ဘရိုက်တန် နည်းပြက ရှင်းပြပါတယ်။

‘ ယူနိုက်တက်ဘက်က ပုံမှန်ကစားနေတာနဲ့ မတူညီတဲ့ စနစ်နဲ့ ပွဲထွက်လာလို့ ကျနော်တို့ အသင်းက စုစုစည်းစည်း ကစားနိုင်ဖို့တော့ လိုခဲ့တယ်။ ခံစစ်ပိုင်း ခုခံနေချိန်နဲ့ ဘောလုံးကိုင်ထားပြီး ပွဲကို ထိန်းချုပ်ရာမှာ ကျနော်တို့ အသင်းက ပိုကောင်းနေတာကို မြင်ခဲ့မိတယ်။

ရှုံးရှုံးနိုင်နိုင် ဒီအတိုင်းပဲ ကစားပါတယ်။ ကျနော်တို့ နေရာလွတ်ရှာတယ်၊ ကွာဟချက်ကောင်းတွေ ကြည့်တယ်၊ တိုက်စစ်နဲ့ အန္တရာယ်ပေးဖို့ အားထုတ်လိုက်တာပါပဲ ’ ဆိုပြီး ဒီဇာဘီက ရှင်းပြသွားပါတယ်။