ချယ်ဆီးအသင်းဟာ မနေ့ညက အဝေးကွင်းမှာ ဘုန်းမောက် ကို ဂိုးမရှိနဲ့ သရေကျသွားခဲ့ပါတယ်။ ဘုန်းမောက်က ဒီရာသီ ပရီးမီးယားလိဂ် တစ်ပွဲမှ မနိုင်သေးတဲ့ အသင်း ဖြစ်ပေမယ့် ချယ်ဆီးကလည်း အိမ်ရှင်တွေကို အနိုင် မယူနိုင်ခဲ့ပြန်ပါဘူး။

ချယ်ဆီးဟာ အသင်းပိုင်ရှင်သစ် ပြောင်းလဲပြီးနောက် တစ်ဘီလီယံနီးပါး ကစားသမားသစ်တွေ ဝယ်ဖြည့်ထားပေမယ့် အခုထိ ရလဒ်ကောင်းတွေ မရယူနိုင်သေးတာပါ။

ဒီရာသီ ပရီးမီးယားလိဂ် ၅ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲသာ နိုင်ထားပြီး ချယ်ဆီးက အဆင့် ၁၄ နေရာမှာ ရပ်တည်နေရပါတယ်။

ချယ်ဆီး လက်ရှိ ဖြစ်နေတာတွေနဲ့ ပတ်သတ်ပြီး နည်းပြ ပိုချက်တီနိုကတော့ အခုလို ဖြေရှင်းချက် ပေးခဲ့ပါတယ်။

” ကျွန်တော်တို့မှာ ကစားသမားတွေ အများကြီး မပါနိုင်ဘူး။ အားလုံး အတူတကွ ရှိနေရင်တော့ ကျွန်တော်တို့ အသင်းက တောင့်တင်းပါလိမ့်မယ်။ အဲဒီကျရင် မန်စီးတီး၊ အာဆင်နယ် တို့ကိုရော အသင်းအားလုံးကိုပါ ပုံမှန် အနေအထား၊ အသင်း ကြံ့ခိုင်မှု ပြည့်နေရင် ချယ်ဆီးက ယှဉ်နိုင်ပါတယ်။

အခုကတော့ ကျွန်တော်တို့ ကံကို မကောင်းတာပါ။ ဒီနေ့ပွဲ ဆို ဒဏ်ရာ ရ ၁၂ ယောက် ရှိတယ်။ အဲဒီထဲ နိုနီ (မာဒူကီ)၊ ကူကူရယ်လာ၊ ကိုင်ဆီဒို တို့ ပါတယ်။ ကျွန်တော်တို့ လူငယ် ၃-၄ ယောက် ထည့်ရတယ်၊ အရန်ခုံမှာ ဂိုးသမား ၂ယောက်တောင် ပါလာတယ်။

ဟုတ်ပြီ၊ ဒီတော့ ကျွန်တော် ငိုချရတော့မလား၊ စောဒက တက်ရမလား။ ကျွန်တော် ဒါကို လက်ခံဖို့ပဲ ရှိတယ်။ ဆက် စိန်ခေါ်ပြီး အကောင်းမြင်သွားဖို့ပဲ။ ဘုန်းမောက်က အသင်းကောင်း တစ်သင်းပါ။ တကယ်ကို ပြိုင်ဆိုင်နိုင်စွမ်း ရှိတယ်။

အသင်းတိုင်းက အဲဒီလို အရည်အသွေး ရှိနေတယ်။ လက်ခံချင်ချင် မခံချင်ချင် ဒါက အမှန်တရားပဲ။ ဒီတော့ positive အမြင် ရှိပြီး စိတ်ရှည်ရပါမယ်။ ” လို့ ပိုချက်တီနိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန်ပြည့် ပွဲပြီးသွားချိန်မှာ အဝေးကွင်းထိ လိုက်ပါ အားပေးလာတဲ့ ချယ်ဆီး ပရိသတ်တွေက သူတို့ အသင်းကို ပြန်ပြီး ရှုံ့ချ Boo လုပ်ကာ စိတ်ပျက် အမျက်ထွက်မှုကို ဖော်ပြခဲ့ကြပါတယ်။