ဂန်းနားဂန္တဝင်ကြီး ဆိုးကမ့်ဘဲလ် ကတော့ တနင်္ဂနွေနေ့ညက မြောက်လန်ဒန်ဒါဘီ သရေ ပွဲ အပြီးမှာ အာဆင်နယ် ကွင်းလယ်လူ ဂျော်ဂျင်ဟိုအား မနေနိုင်တော့ဘဲ ပြစ်တင်စကား ဆိုသွားပါတယ်။

ဆိုးကမ့်ဘဲလ် မနေနိုင်တော့ဘဲ ပြောဆိုလိုက်ရသူကတော့ စပါးဘက် ဒုတိယဂိုး ပေးလိုက်ရတဲ့ အမှား ကျူးလွန်ခဲ့သူ အီတလီ ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟို ဖြစ်ပါတယ်။

ဂျော်ဂျင်ဟို ဟာ ဒုတိယပိုင်း ကျမှ ရိုက်စ် ဒဏ်ရာကြောင့် ထွက်သွားချိန် လူစားဝင် ကစားခဲ့ရတာပါ။ သူ ကွင်းထဲ ဝင်ချိန်မှာ ပွဲက ၁-၁ သရေ ရလဒ် ဖြစ်နေချိန်ပါ။

အဲဒီနောက် ဆာကာ ရဲ့ ပင်နယ်တီ ကြောင့် အာဆင်နယ်တို့ ပြန် ဦးဆောင်နိုင်သွားပြီး တစ်မိနစ်တောင် မပြည့်ခင်မှာ ဂျော်ဂျင်ဟို အမှားကနေ တစ်ဆင့် ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။

အသက် ၃၁ နှစ် အရွယ် ကစားသမားဟာ ဘောလုံးပေးဖို့ ဝေ့နေချိန်မှာပဲ ဂျိမ်းစ် မက်ဒီဆန်က ဖြတ်ယူသွားခဲ့တာ ဖြစ်ပြီး ဆွန်ထံ ပေးပို့လိုက်ရာကနေ စပါးအသင်းခေါင်းဆောင်က ချေပဂိုး သွင်းယူသွားခဲ့တာပါ။

အာဆင်နယ် နောက်ခံလူဟောင်းကြီး ကမ့်ဘဲလ်ကတော့ ပွဲ အပြီး ပရီးမီးယားလိဂ် အစီအစဉ်မှာ ဂျော်ဂျင်ဟို အမှားကို ထောက်ပြသွားခဲ့ပါတယ်။

” ဂျော်ဂျင်ဟိုက သူ့အလုပ် သူ မလုပ်ဘူးလေ။ ပုံမှန်ဆိုရင် သူက ဘောလုံးကို ယူပြီးရင် မြန်မြန်ပဲ ပြန်ပေးတယ်။ ဒါက သူ့ တာဝန်ပဲ။ သူက တဖက်မှာ ရှိနေတဲ့ ဘန်ဝှိုက်ကို ဘောလုံးပေးဖို့ အခွင့်အရေး ရှိခဲ့တယ်။

ဒါပေမယ့် သူက ကွင်းထဲကို ပတ်ကြည့်နေချိန်မှာပဲ ပြိုင်ဘက်က ဝင်လုတော့တာပဲ။ သူတို့ ဂျော်ဂျင်ဟို ဆီကနေ ဘောလုံး ရသွားပြီး ဂိုးသွင်းတော့တာပဲ။

သွင်းဂိုး တော်တော် များများ က ဂိုးပေးလိုက်ရပြီး ၅ မိနစ် အတွင်းမှာတင် ပြိုင်ဘက်က ပြန်ချေပသွားတာ ခံရလေ့ ရှိတယ်။ ဒါကို သူတို့ သတိပြုဖို့ လိုတယ်။” လို့ ဆိုးကမ့်ဘဲလ်က ထောက်ပြသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ မနေ့ညက ပွဲမှာ အမှတ်လျော့သွားတာကြောင့် ဇယားထိပ်က မန်စီးတီးနဲ့ ၄ မှတ်ပြတ်နေပြီ ဖြစ်ပါတယ်။