ဘာစီလိုနာနည်းပြ ဇာဗီက သူ့ရဲ့ နည်းပြဘဝ အန္တရာယ် အကြီးဆုံး ပြိုင်ဘက်တွေအကြောင်း ဒီအပတ် ချန်ပီယံလိဂ် ပွဲကြိုမှာ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ဇာဗီရဲ့ ဘာစီလိုနာအသင်းဟာ မနှစ်က ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ကနေ ခပ်စောစော ထွက်ခဲ့ရသလို ယူရိုပါလိဂ် အဆင့်မှာလည်း အဲရစ် တန်ဟက်ရဲ့ ယူနိုက်တက်ကို play-off မှာ ၄-၃ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

နူးကမ့်မှာ ၂-၂ သရေကျခဲ့ပြီး အိုးထရတ်ဖိုဒ့်မှာ မန်ချက်စတာ ယူနိုက်တက်တို့ ၂-၁ ဖြင့် အနိုင်ရရေးအတွက် တိုက်စစ်မှူး ရက်ဖိုဒ့်ရဲ့ စွမ်းဆောင်ရည်က အရေးပါခဲ့တယ်။ ဇာဗီကတော့ အင်္ဂလန်သား တိုက်စစ်မှူးကို အထင်တကြီး ရှိနေပါတယ်။

ဘာစီလိုနာ နည်းပြအဖြစ် ရပ်တန့်ရ အခက်ခဲဆုံး ပြိုင်ဘက် ကစားသမားတွေ အကြောင်း မေးခံရချိန်မှာ ဇာဗီက ‘ ရက်ဖိုဒ့်က ကျနော်တို့ကို အတော်လေး ဒုက္ခပေးပါတယ်။ နောက်ပြီး ဗင်နီးဆီးယက်စ်နဲ့ ဘန်ဇီမာတို့ နှစ်ဦးကောပါပဲ ’ ဆိုပြီး ဖြေဆိုပေးခဲ့တယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်သမား ရက်ဖိုဒ့်ဟာ ဒီရာသီမှာတော့ မနှစ်ကလို ခြေစွမ်းမျိုး ပြသဖို့ ရုန်းကန်နေရတယ်။ တိုက်စစ်မှာ ရက်ဖိုဒ့်ကလည်း ဂိုးသွင်းနိုင်ခြင်း မရှိတာနဲ့အတူ ယူနိုက်တက်ဟာ ရာသီအစ ၇ ပွဲမှာ ၄ ပွဲထိ အရေးနိမ့်ထားခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ နည်းပြဘဝ အခက်ခဲဆုံး ရှုံးပွဲအဖြစ်တော့ ‘ မနှစ်ကရာသီ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဝ-၃ ဖြင့် အရေးနိမ့်ခဲ့တဲ့ ပွဲပါပဲ။ ချန်ပီယံလိဂ်ကို နှုတ်ဆက်ခဲ့ရတဲ့ပွဲပေါ့ ’ လို့ ဇာဗီက ပြောခဲ့တာ ဖြစ်ပါတယ်။