မနေ့ညက အိုးထရတ်ဖိုဒ့်မှာ ဂါလာတာစရေးကို ၂-၃ ဖြင့် အရေးနိမ့်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်ကနေ ပြုတ်မယ်ဆိုတဲ့ ထင်ကြေးတွေ အားကောင်းလာပါပြီ။

ယူနိုက်တက်ဟာ တိုက်စစ်ပိုင်း အားနည်းသလို ခံစစ်ကျတော့လည်း အတော်လေး ဂိုးပေးလွယ်နေတာပါ။ မနက်က ဂါလာတာစရေး ပွဲစဉ်အပြီး ယူနိုက်တက် ပရိသတ်တွေကြားမှာ အတော်လေး ပွဲဆူကြတဲ့ ဆွေးနွေးမှု တစ်ခု ပေါ်ထွက်လာပါတယ်။

ချန်ပီယံလိဂ် ၂ ပွဲအတွင်း ပေးဂိုး ၇ ဂိုး ရှိထားတဲ့ အိုနာနာကို လာမယ့်ပွဲတွေ လူစာရင်းထဲ မထည့်ရေးဟာ တန်ဟက် ရာထူးကနေ ထုတ်ပယ်ခံရရေးထက် ပိုတောင်းဆိုကြတဲ့ ကိစ္စ ဖြစ်လာနေခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက် ပရိသတ်တွေကတော့ လူမှုကွန်ယက်ကနေ အခုလို မှတ်ချက်ပေး တောင်းဆိုနေကြပါတယ်။

” အိုနာနာဟာ မြင်ဖူးသမျှ အညံ့ဆုံး ဂိုးသမားပဲ။ ”

” ဒီဂီယာနေရာ အိုနာနာနဲ့ အစားထိုးခြင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းသမိုင်းမှာ အဆိုးရွားဆုံး downgrade လုပ်မှုပါပဲ။ ”

” ရော်နယ်ဒိုနဲ့ ဒီဂီယာလို ကလပ် ဂန္တဝင်တွေကိုတောင် အညှာအတာ မရှိ လုပ်ခဲ့ပြီးမှ နည်းပြတန်ဟက်ဟာ လာမယ့်ပွဲတွေမှာ အိုနာနာကို လူစာရင်းကနေ ဖယ်ထားသင့်တယ်။ ဒီလောက် မြင်ခဲ့ရတာနဲ့တင် လုံလောက်နေပါပြီ။ ”

” အိုနာနာကြီးတော့ တော်ပါပြီကွာ သူ့အစား အရန်ဂိုးသမားကို နေရာပေးတာကမှ ဟုတ်ပါဦးမယ် ”

” သူတို့က အိုနာနာဟာ ဒီဂီယာထက် ပိုကောင်းတဲ့ ဂိုးသမားပါတဲ့။ ဒီဂီယာကိုပဲ လွမ်းမိတယ်ကွာ။ ” စသဖြင့် မှတ်ချက်ပေးနေကြတာ ဖြစ်ပါတယ်။