မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင်တွေဟာ ကလပ်အတွက် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ပေးကြပြီး ပရိသတ်တွေဘက်က ဘာကြောင့် ဆန္ဒပြနေကြတယ် နားမလည်ဘူးလို့ ဇာလက်တန်က ထုတ်ပြောလာပါတယ်။

အဲ့ကိစ္စအတွက် ဇာလက်တန်ကတော့ ” ယူနိုက်တက်ကို ရောင်းချပေးပါလို့ ပိုင်ရှင်တွေကို ပရိသတ်တွေ ဆန္ဒပြမှု ရှိနေတာ ဘာကြောင့်လဲ ကျနော် နားမလည်ဘူး။ ဂလေဇာတို့က ရင်းနှီးမြုပ်နှံမှု လုပ်ပါတယ်။

သူတို့ ရင်းနှီးမြုပ်နှံမှု မလုပ်တာမှ မဟုတ်ဘဲ။ သူတို့ ကစားသမားတွေ အများကြီးကို တန်ကြေးကြီးတွေပေးပြီး ခေါ်ယူပေးပါတယ်။ ပရိသတ်တွေ မျှော်လင့်ထားသလို သူတို့ လုပ်ပေးနေခြင်း မရှိဘူးလို့ ပြောလို့ မရပါဘူး။ ဒီကိစ္စမှာ ကျနော် မသိတဲ့ အခြား အကြောင်းရင်းတွေ ရှိရင် ရှိနေမှာပေါ့ ” လို့ ဖြေဆိုပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို ဆုဖလားကြီးတွေ အောင်မြင်ခြင်း မရှိတော့တာ ကာလရှည် ရှိနေခဲ့ပါပြီ။ ၎င်းတို့ ကျဆင်းချိန်မှာ မန်စီးတီးကတော့ ကမ္ဘာ့အကောင်းဆုံး အသင်းအဖြစ် တောက်ပလာကာ မန်ချက်စတာကို စတင် သိမ်းပိုက်နေခဲ့ပါပြီ။

မြို့ခံပြိုင်ဘက်က အစစ အရာရာ အောင်မြင်နေချိန် မန်ချက်စတာ ယူနိုက်တက်က ကျဆင်းနေခဲ့တယ်။ သရဲနီတွေ ကတော့ ဒီနိမ့်ပါးမှုရဲ့ အဓိက တရားခံအဖြစ် ဂလေဇာတို့ကို အပြစ်မြင်ပြီး အသင်းကို အပြီးတိုင် ရောင်းချစေချင်နေတာ ဖြစ်ပါတယ်။