မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က အာဆင်နယ် ခံစစ်မှူး ဆာလီဘာရဲ့ ထူးချွန်မှုကို မြင်ထားကြောင်း ဝန်ခံခဲ့ပေမယ့် သူ့ရဲ့ အကောင်းဆုံး ခံစစ်မှူးအဖြစ် ရွေးချယ်ဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။

မန်စီးတီးကို ၁-၀ ဖြင့် အနိုင်ရတဲ့ ပွဲစဉ်အတွင်း ဆာလီဘာဟာ အာဆင်နယ်အတွက် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့တာပါ။ သူဟာ တိုက်စစ်မှူး ဟာလန်းကို ကောင်းကောင်းကြီး ထိန်းချုပ်ပြခဲ့ကာ မန်စီးတီးကို ၁၂ ပွဲဆက် အရေးနိမ့်မှုအား ရပ်တန့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

‘ ဆာလီဘာက ဘောလုံးရှိချိန်ကော မရှိချိန်မှာပါ အတော်လေး တည်ငြိမ်ပါတယ်။ ပြီးခဲ့တဲ့ ၈ ပွဲအတွင်း သူ့ကို ကျော်ဖြတ်နိုင်တဲ့သူ မရှိခဲ့ပါဘူး။ မနှစ်ကရာသီ ခံစစ်မှူးတိုင်းကို အိပ်မက်ဆိုး မက်စေခဲ့တဲ့ ဟာလန်းကို သူထိန်းချုပ်ပြခဲ့တယ်။

ဆာလီဘာနဲ့ ဂါဘရီရယ် ခံစစ်အတွဲက အတော်လေး ကောင်းမွန်နေပါတယ်။ ဆာဘီဘာအတွက် ဂါဘရီရယ်က အကောင်းဆုံး တွဲဘက်ပါ ’ လို့ ဖာဒီနန်က ချီးကျူးပါတယ်။

ဒါပေမယ့်လို့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူးအဖြစ် ဆာလီဘာ သက်သေပြရဦးမှာဖြစ်ကာ ဖာဒီနန်ကတော့ မန်စီးတီးမှ ဂျွန်စတုန်းကပဲ လိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူးလို့ မြင်နေပါတယ်။

‘ ဂျွန်စတုန်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူးပါ။ ခံစစ်ပိုင်းအရ သူဟာ ၄ ယောက်တန်းထဲ ပြန်ဝင်ကစားနေပါတယ်။ မနှစ်ကရာသီ ဂျွန်စတုန်း လုပ်ခဲ့သလို ဘယ်ခံစစ်မှူးကမှ မလုပ်နိုင်ခဲ့ပါဘူး ’ လို့ ဖာဒီနန်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။