မန်ချက်စတာ ယူနိုက်တက်ဟာ စနေနေ့ည ဖူလ်ဟမ် အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်ပွဲအား ၁-၀ ဖြင့် အနိုင်ရကာ ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။
ဒဏ်ရာရှိနေတဲ့ ရက်ဖိုဒ့်ကို ပွဲထွက် လူစာရင်းက ထုတ်ပယ်ထားခဲ့ပြီး ဟွိုင်လန်း၊ အန်တိုနီ၊ ဂနာချိုတို့ဖြင့် တိုက်စစ်ကို ခင်းကျင်းခဲ့ပေမယ့် ယူနိုက်တက်ထံက လောက်လောက်လားလား ခြေစွမ်းမျိုး မမြင်ခဲ့ရပါဘူး။
ပထမပိုင်းမှာ ယူနိုက်တက်ဟာ တော်မီနေးရဲ့ သွင်းဂိုးကြောင့် ဦးဆောင်ခွင့်ရခဲ့ပေမယ့် အသင်းဖော် မက်ဂွဲရား လူကျွံနေတာမို့ VAR က ပယ်ဖျက်ခဲ့ပါတယ်။ အဲ့ဒီဂိုးကလွဲရင် နှစ်သင်းလုံးဟာ ခြိမ်းခြောက်မှု ကြီးကြီးမားမား မလုပ်နိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းမှာတော့ ယူနိုက်တက်က ဖူလ်ဟမ်ထက် နည်းနည်းလေး ပိုသာခဲ့ပါတယ်။ အဲ့တာကလွဲလို့ ဒီပွဲကနေ ယူနိုက်တက်အသင်းလိုက်ကော၊ တစ်ဦးချင်းအပါ အကောင်းမြင်စရာ ဘာတစ်ခုမှတော့ ထွက်မလာခဲ့ပါဘူး။
ယူနိုက်တက် ကစားသမားတွေ ယုံကြည်မှု ကျဆင်းခြင်းနဲ့အတူ ရုန်းကန်နေခဲ့ရပေမယ့် မိနစ် ၉၀ ပြည့်လို့ အချိန်ပို အရောက်မှာ ဧရိယာထဲ ဆက်တိုက် ဖိအားပေးခြင်းကနေ ရလာတဲ့ အခွင့်အရေးက တစ်ဆင့် ဖာနန်ဒက်စ်က ဧရိယာထိပ်ကနေ ပိတ်သွင်းခဲ့တာပါ။
အဲဒီနောက် ယူနိုက်တက်က ရလဒ်ကို ထိန်းသွားခဲ့ပြီး အနိုင် ၃ မှတ်ရခဲ့ပါတယ်။ ယူနိုက်တက် နည်းပြ တန်ဟက် ကတော့ သူ့အသင်း ခြေစွမ်းသိပ်ကောင်းခဲ့ကြောင်း ပွဲအပြီးမှာ အားပါးတရ ချီးကျူးခဲ့ပါတယ်။
” နိုင်ပွဲရတော့ ဖီလင်က သိပ်ကောင်းတာပေါ့။ အသင်း စွမ်းေ်ဆာင်ရည်ကလည်း ကောင်းခဲ့တယ်။ တကယ့်ကို ကျစ်ကျစ်လစ်လစ်ပဲ။ ဒီအသင်းမှာ စိတ်ဓာတ်ကောင်းတွေ ရှိတယ်။
တစ်ယောက် အတွက် တစ်ယောက် တိုက်ပွဲဝင်နေကြတယ်။ ဒီနေ့ပွဲမှာ တစ်ပွဲလုံး သူတို့ အခိုင်အမာ ကစားနိုင်ခဲ့တယ်။ ပွဲပြီးတော့မယ့် နောက်ဆုံး စက္ကန့်တွေကျမှ ဂိုးသွင်းပြီး အနိုင်ရတဲ့ ဖီလင်က အမြဲ မိုက်တယ်လေဗျာ။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။