နည်းပြယာဂန်ကလော့ပ်က ဒါဝင် နူးညက်စ်ရဲ့ ပရီးမီးယားလိဂ်မှာ အသားကျလာခြင်းနဲ့အတူ ဥရုဂွေး တိုက်စစ်မှူးရဲ့ ခြေစွမ်းပြလာနိုင်ခြင်းတွေကြောင့် စိတ်ထဲမှာ ကြောက်ရွံ့မှုတွေတောင် ဖြစ်လာတယ်လို့ ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းရဲ့ တိုက်စစ်မှူးတွေဟာ အခြားသော အသင်းမှ တိုက်စစ်သမားတွေနဲ့ ကွာခြားမှု ရှိပါတယ်။ အထူးသဖြင့် လီဗာပူးခံစစ်ဟာ နံပါတ် ၉ တိုက်စစ်မှူးက စတင်တာဖြစ်ပြီး ဒါဝင် နူးညက်စ်ရဲ့ တစ်ပွဲပျှမ်းမှ ဘောလုံးဝင်လုမှုဟာ ၁.၃၃ ရှိထားတာ ဖြစ်ပါတယ်။

ဒီရာသီမှာ ပြိုင်ဘက် ဧရိယာအတွင်း ဘောလုံးထိမှုဟာ တစ်ပွဲကို ၁၀ ကြိမ် အနည်းဆုံး ရှိထားသလို ဂိုးကန်သွင်းမှုကတော့ ပရီးမီးယားလိဂ်မှာ အမြင့်ဆုံးအဖြစ် ၄.၉ ကြိမ်ဖြစ်ပါတယ်။ နူးညက်စ်ဟာ ကိုယ်တိုင်လည်း ၇ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၅ ကြိမ် လုပ်ထားကာ လီဗာပူးကို ရမှတ်တွေ အများကြီး ရှာပေးလာနိုင်ပါတယ်။

ကလော့ပ်ကပဲ ‘ အခုဆိုရင် လုံးဝကြီး ခြားနားသွားပြီ။ ပထမရာသီက သူ့အတွက်ကော ကျနော်အတွက်ပါ ခက်ခဲခဲ့ပါတယ်။ သူ့မှာ မယုံနိုင်စရာ အရည်အချင်း ရှိပေမယ့် ထုတ်ပြနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။

ကျနော်က စပိန်လို မပြောတတ်သလို သူက အင်္ဂလိပ်လို နားမလည်ဘူး။ အခုတော့ သူ့ရဲ့ အင်္ဂလိပ် စကားပြောက ပိုကောင်းလာပါတယ်။ သူ အသင်းမှာ အတော်လေး အဆင်ပြေလာတယ်။

သူဘယ်လောက်တောင် အမြင့်ထိ တိုးတက် ရောက်ရှိသွားနိုင်လဲ ဆိုတဲ့အပေါ် ကျနော် ကြောက်တောင် ကြောက်မိလာတယ်။ သူက အဲ့လောက်ထိကို အလားအလာ ရှိပါတယ်။

မနှစ်တုန်းက ကိစ္စတွေကို ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ တိုက်စစ်မှာ ပြီးပြည့်စုံစွာ ခုခံမှု လုပ်ပေးမယ့် နံပါတ် ၉ သမားကို ကျနော်တို့ လိုခဲ့ပေမယ့် သူ မလုပ်နိုင်ခဲ့ဘူး။ အခုတော့ သူလုပ်နိုင်လာပါပြီ။

သူ့မှာ မြန်နှုန်း၊ အဆုံးသတ်စွမ်းရည်၊ အောင်နိုင်လိုစိတ်တွေ ရှိပါတယ်။ သူ ကြံခိုင်မှု ကောင်းလာတာနဲ့ တကယ်ကို လုပ်ပြနိုင်စွမ်းရှိတယ်။

သူက များပြားတဲ့ ပြောင်းရွှေ့ကြေးနဲ့ အသင်းကို ရောက်လာတာဖြစ်ပြီး အချိန်ပေးဖို့ လိုအပ်တာကို ကျနော်တို့ မေ့လျော့နေခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ လုံးဝ ခြားနားတဲ့ ဒါဝင်အဖြစ် သူရောက်လာခဲ့ပါပြီ ‘ လို့ မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။