အိုးထရတ်ဖိုဒ့်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှက်စရာ ရှုံးပွဲအပြီး တန်ဟက်တို့ အသင်းဟာ ဒီထက်ပိုတဲ့ ဂိုးပြတ် အရှုံးရလဒ်ကို ပိုင်ဆိုင်သင့်တာလို့ ဘီဘီစီရဲ့ သုံးသပ်သူ ခရစ်ဆက်တန်က ဝေဖန်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဆိုလန်ကီရဲ့ သွင်းဂိုး ၁ ဂိုးတည်းဖြင့် ဘုန်းမောက်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဘယ်လင်၊ ဆက်နက်စီတို့က ဂိုးတွေ ထပ်သွင်းခဲ့တာပါ။ ဘုန်းမောက်ရဲ့ စတုတ္ထဂိုးကတော့ VAR က ပယ်ဖျက်သွားခဲ့တာမို့ ယူနိုက်တက်တို့ ၃ ဂိုးပြတ်ပဲ ရှုံးခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ခရစ်ဆက်တန်က ” အကုန်လုံး နောက်ပြန်ဆုတ်သွားပါပြီ။ စွမ်းဆောင်ရည်က မကောင်းပါဘူး။ ဒီရာသီမှာ မန်ယူနိုက်တက်က ကံလည်း မကောင်းပါဘူး။ ဒီနေ့လည်း ဇယားထက်ဝက်အောက်က အသင်းတစ်သင်း အနိုင်ယူသွားတာ ခံလိုက်ရပြန်ပါတယ်။

အမှန်အတိုင်းပဲ ပြောရအောင်ပါ။ ယူနိုက်တက်က ၃-၀ ရှုံးသင့်တဲ့ အသင်း မဟုတ်ပါဘူး။ တကယ်ဆိုရင် သူတို့ ၅ ဂိုးလောက်နဲ့ကို ရှုံးသင့်တာပါ ” လို့ ဝေဖန်ခဲ့ပါတယ်။

အဝေးကွင်းမှာ စုဖွဲ့မှု ကောင်းကောင်းကစားပြီး တစ်လတာ အကောင်းဆုံး ကစားသမား ဆုရှင် မက်ဂွဲရား ဦးဆောင်တဲ့ ယူနိုက်တက် ခံစစ်ကို ပါးနပ်စွာ ယှဉ်ပြိုင်သွားတဲ့ ဘုန်းမောက်ကိုတော့ ဆက်တန်က လေးစားစွာ ချီးကျူးပါတယ်။

” ဘုန်းမောက်ကိုတော့ လေးစားပါတယ်။ သူတို့က ကောင်းကောင်းပြေးခဲ့တယ်။ ဘုန်းမောက်ကို ကြည့်ရတာ စုဖွဲ့မှုရှိတယ်၊ ပိုပြီး အားကစားသမားဆန်တယ်၊ အင်အားပိုရှိတယ်။ သိပ်ပြီး မကောင်းလှတဲ့ တန်ဟက်ရဲ့ ယူနိုက်တက်ကို သူတို့ ခြိမ်းခြောက်ပြသွားခဲ့ပါတယ် ” လို့ ချီးကျူးသွားတာ ဖြစ်ပါတယ်။