အာဆင်နယ် အသင်းဟာ မနေ့ညက ဗီလာပါ့ခ်မှာ အက်စတွန်ဗီလာ အသင်းကို ၁-ဝ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီရှုံးပွဲ ကြောင့် အာဆင်နယ်ကတော့ အမှတ်ပေးဇယား ပထမ နေရာကို လီဗာပူးအား လွှဲပေးခဲ့ရပြီ ဖြစ်ပါတယ်။

နည်းပြအာတီတာဟာ ထိုပွဲ မပြီးခင် ပွဲထဲကနေ ထွက်သွားခဲ့ပြီး ပွဲပြီး အင်တာဗျူးမှာလည်း သိပ်ပြီး ခံစားချက် မကောင်းဟန်ရှိကာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို သူ့ခံစားနေရတဲ့ အတိုင်း တိတိကျကျ ပြန်ဖြေပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဗီလာပါ့ခ်မှာ ဂန်းနားတို့ ဒီရာသီ ဒုတိယမြောက် ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ကာ ပွဲအစ ၇ မိနစ်မှာတင် မက်ဂင်က ဂိုးသွင်းခဲ့တာပါ။ ဒီပွဲရဲ့ အခိုက်အတန့် ၂ ခုမှာ အာဆင်နယ်ဟာ မျက်နှာသာပေး မခံခဲ့ ရတာကြောင့်လည်း အရှုံး ရလဒ်ကို ရင်ဆိုင်ခဲ့ရပါတယ်။

ပွဲပယ်ကြောင့် ကွင်းဘေးကနေ ကြီးကြပ်ခွင့် ပိတ်ခံထားရတဲ့ အာတီတာဟာ ပွဲကြည့်စင်ကနေ ခေါင်းတယမ်းယမ်း ဖြစ်နေခဲ့ပေမယ့် ပွဲ အပြီးမှာ အက်ဖ်အေနဲ့ ထိပ်တိုက်တွေ့ဖို့ကို ငြင်းဆန်သွားပါတယ်။

ဟာဗက် လက်ထိဘော ပယ်ဖျက်ခံရတဲ့ မိနစ် ၉၀ အခိုက်အတန့် အပါအဝင် ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို အာတီတာက ‘ ရှင်းရှင်းလင်းလင်းနဲ့ သိသာပါတယ် ’ လို့ ဖြေဆိုခဲ့ပါတယ်။

သတင်းထောက်က သူ နားလည်မှု လွဲနေသလားလို့ ထပ်မေးရာမှာလည်း ‘ မဟုတ်ပါဘူး ဒီဖြစ်ရပ်က ရှင်းရှင်း လင်းလင်းနဲ့ သိသာပါတယ် ’ လို့ ဆက်တုန့်ပြန်ခဲ့ပါတယ်။

သတင်းထောက်က အာတီတာ ပြောချင်တာက ဘာအဓိပ္ပာယ်လဲလို့ ထပ်ပြီး မေးခဲ့ရာ အာဆင်နယ် နည်းပြက ‘ ရှင်းရှင်းလင်းလင်းနဲ့ သိသာပါတယ်လို့ပဲ ကျနော် ပြောချင်တာပါ ’ လို့ ဖြေပါတယ်။

လက်ထိတာက ရှင်းရှင်းလင်းလင်းနဲ့ သိသာမှု မရှိဘူးလို့ ပြောချင်တာလား ထပ်မေးရာမှာတော့ ‘ မဟုတ်ပါဘူး၊ ဒါက ကျနော် အမြင်ပါ။ ကျနော် အမြင်ကိုပဲ ကျနော် ပြောတာပါ ’ လို့ပဲ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် အာဆင်နယ်ဟာ အမှတ်ပေးဇယား ဒုတိယနေရာ ဆင်းပေးခဲ့ရပြီး ဇယားထိပ်က လီဗာပူး နောက် ၁ မှတ် အကွာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။