ဈေးကွက်ထဲမှာ တိုက်စစ်မှုး စစ်စစ် ရှာဖွေနေတဲ့ အာဆင်နယ်အသင်းဟာ ဗစ်တာ အိုဆီမန် ကို သဘောကျပေမယ့် နာပိုလီအသင်း တောင်းဆိုထားတဲ့ စာချုပ်လျော်ကြေး ယူရို သန်း ၁၃ဝ ကို မပေးချင်ဘူးလို့ တဖက်အသင်းအား အသိပေးလိုက်ပါတယ်။

နည်းပြ အာတီတာဟာ ၂ ရာသီဆက်တိုက် ပရီးမီးယားလိဂ်ဖလားနဲ့ လက်မတင်လေး လွဲချော်ခဲ့ရပြီးနောက် ဒီနွေရာသီမှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

လိုက်ပ်ဇစ် တိုက်စစ်မှူး ဘန်ဂျမင် ဆက်စ်ကိုက အာဆင်နယ်ရဲ့ ပစ်မှတ်ထဲက ထိပ်ဆုံးမှာ ရှိနေပြီး ယူရို ၆၅ သန်း လောက် သုံးရုံနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီတလီ သတင်းတွေ အဆို အရ အာဆင်နယ်ဟာ အိုဆီမန်ကို ပိုသဘောကျနေသေးတယ် လို့ သိရပြီး မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် လက်တွန့်နေတယ်လို့ ဆိုပါတယ်။

နာပိုလီဟာ အိုဆီမန်ကို ရောင်းထုတ်ချင်နေခဲ့တာ ကြာပြီဖြစ်ပေမယ့်လည်း အသင်းဥက္ကဌ ဒီလော်ရန်းတစ်က နိုင်ဂျီးရီးယားတိုက်စစ်မှူးရဲ့ စာချုပ်လျော်ကြေး ယူရို သန်း ၁၃ဝ မရရင် မရောင်းထုတ်ဘူးလို့ တင်းခံနေတာဖြစ်ပါတယ်။

နာပိုလီက လက်ရှိမှာတော့ အိုဆီမန်အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချပေးဖို့ ဆုံးဖြတ်ရဖွယ်ရှိနေပြီး အထူးသဖြင့် အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့က ဒီနွေရာသီမှာ လူသစ်ခေါ်ဖို့အတွက် ငွေကြေးရရှိမှာဖြစ်တာကြောင့် ဖြစ်ပါတယ်။

နာပိုလီကတော့ ချယ်ဆီး တိုက်စစ်မှုး လူကာကူ ကို ခေါ်ယူလိုနေပြီး ဒီအတွက် အိုဆီမန်ကို အရင် ရောင်းထုတ်ဖွယ်တော့ ရှိနေပါတယ်။