လီဗာပူးအသင်းဟာ ကမ္ဘာအကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းဖြင့် ချန်ပီယံလိဂ်ဖလားကို အောင်မြင်ပြီး ၂ ရာသီ အကြာမှပဲ လူစာရင်းကို ပြန်လည် ဖွဲ့စည်းရမယ့် အခြေအနေကို ရင်ဆိုင်လာရပြီ ဖြစ်ကြောင်း Independent သတင်းဌာနကနေ လီဗာပူးသတင်းထောက် Melissa Reddy က ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါတယ်။

မက်ဒရစ်မြေမှာ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အောင်နိုင်ခြင်းဖြင့် ယာဂင်ခေတ်မှာ ပထမဆုံးသော ဆုဖလားကို လီဗာပူးအသင်း အောင်မြင်ခဲ့တယ်။ နောက်တစ်ရာသီမှာတော့ ဆယ်စုနှစ် ၃ ခုကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကိုလည်း အောင်မြင်ခဲ့တယ်။ လီဗာပူးအသင်းရဲ့ လူစာရင်းက ကမ္ဘာအကောင်းဆုံးအဖြစ် မှတ်ယူခံရခြင်းတွေ ရှိလာခဲ့ပါတယ်။

ဘောလုံးရာသီကောင်းတွေဟာ အရည်အချင်းရှိ ကစားသမားတွေကြောင့် ပိုင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့်လို့ မာဆေးဆိုဒ်ကလပ်ဟာ မော်ဒန်ခေတ်ရဲ့ စိန်ခေါ်မှုတွေကို စတင်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ နောက်ပြီး မန်နေဂျာကလော့ပ်အတွက်လည်း စိန်ခေါ်မှုကြီးတွေကို ထိတွေ့ရပါတော့မယ်။

လီဗာပူးက လက်ရှိ လူစာရင်းအပေါ် ရင်းနှီးမြုပ်နှံမှုတွေ ကြီးကြီးမားမား လုပ်ထားခဲ့တာဖြစ်တယ်။ ဆုကြေးပေးတဲ့ စနစ်တွေ၊ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လုပ်ခပေးမှုတွေအပြင် မြင့်မားတဲ့ အေးဂျင့်ခတွေ အကုန်အကျခံပြီး လက်ရှိ အသင်းသားတွေကို စုစည်းခဲ့တယ်။

ဒါပေမယ့်လို့ ကိုဗစ်ကပ်ဘေးမှာတင်ပဲ ပရီးမီးယားလိဂ်ရဲ့ တတိယ လုပ်ခအမြင့်ဆုံး အသင်းအဖြစ် လီဗာပူးရဲ့ လုပ်ခ ပေးချေမှုဟာ ပေါင် ၃၁၀ သန်းကနေ ပေါင် ၃၂၆ သန်းကို ခုန်တက်လာခဲ့ပါတယ်။ ကုန်ခဲ့တဲ့ ဘောလုံးရာသီ ၃ ခုမှာ မန်စီးတီးကလွဲရင် လီဗာပူးရဲ့ လုပ်ခပေးချေရမှုက အမြင့်တက်ဆုံးလည်း ဖြစ်လာခဲ့တယ်။

မနှစ်ကရာသီမှာ မည်သည့် ဆုဖလားမှ အနိုင်မရခဲ့တာကြောင့် လီဗာပူးအသင်းက ဆုကြေးတွေ မပေးရဘူးဆိုပေမယ့် သီယာဂိုလို ကစားသမားကို မြင့်မားတဲ့ လုပ်ခပေးပြီး ခေါ်ယူထားခဲ့သေးတာဖြစ်တယ်။ ၂၀၁၆ ခုနှစ်က နောက်ဆုံး တွက်ချက်ထားမှုအရဆိုရင် လီဗာပူးအသင်းဟာ ဝင်ငွေရဲ့ ၆၆% ကို လုပ်ခတွေအဖြစ် ပြန်သုံးနေရပါတယ်။

တကယ့်စိန်ခေါ်မှုတွေက အခုမှ စတင်မှာဖြစ်ပါတယ်။ လီဗာပူးရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဆာလာ၊ မာနေး၊ ဖာမင်နို၊ ဟန်ဒါဆန်၊ ဖာဘင်ညိုတို့တွေက ၂၀၂၃ ခုနှစ်မှာ စာချုပ်ကုန်တော့မှာဖြစ်တယ်။ အယ်လီဆန်၊ ရော်ဘတ်ဆန်နဲ့ ထရန့်တို့က ၂၀၂၄ မှာ စာချုပ်ကုန်မှာဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးက အဓိက ကစားသမားတွေကို သက်တမ်းတိုးဖို့ ကိစ္စတွေ စတင်ရဖို့ ရှိလာခဲ့ပါတယ်။

ဝိုက်နယ်ဒမ် ထွက်ခွာသွားပြီး လာမယ့်နွေမှာ အသက် ၃၅ နှစ်အရွယ် မီလ်နာကလည်း လီဗာပူးကနေ ထွက်ခွာမှာဖြစ်ပေမယ့်လို့ အသက် ၃၀ အရွယ် ကစားသမား အားလုံးကိုတော့ လီဗာပူးက သက်တမ်းတိုးမှာ မဟုတ်ဘူး။ ကလပ်အတွက် အရေးပါမယ့် ဆာလာ၊ ဗန်ဒိုက်၊ အယ်လီဆန်တို့ကို သက်တမ်းတိုးရေးကိုပဲ ဦးစားပေးဖို့ ရှိနေပါတယ်။

လာလီဂါကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ ကိုဗစ်ကပ်ဘေးကြောင့် ကွင်းထဲ ပရိသတ်တွေ ဝင်ခွင့်မရတော့ချိန်မှာ မြင့်မားတဲ့ လုပ်ခတွေရဲ့ ရိုက်ခတ်မှုကို ခံစားခဲ့ရပါတယ်။ အထူးသဖြင့် ဘာစီလိုနာဟာ ဘဏ္ဍာရေးထိခိုက်မှုကြားမှာ မှားယွင်းတဲ့ ပေါ်လစီတွေ လုပ်မိရာက ကစားသမားသစ် ခေါ်ယူရေးမှာ ငွေကြေး မသုံးနိုင်သလောက်ဖြစ်ခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးတွေဖြင့်ပဲ ခေါ်ယူရသည်ထိ အခြေအနေ ဆိုးခဲ့ပါတယ်။

ဗန်ဒိုက်နဲ့ ဆာလာတို့ဟာ လက်ရှိမှာတင် လီဗာပူးရဲ့ လုပ်ခမြင့် ကစားသမားတွေဖြစ်ပြီး သူတို့ကို သက်တမ်းတိုးမယ်ဆိုပါက လက်ရှိလုပ်ခကို ပိုမို တိုးမြင့်ပေးရဖို့ သေချာနေပါတယ်။ ဒါဟာ အသင်းရဲ့ လုပ်ခပေးမှု ရာခိုင်းနှုန်းကိုလည်း မြင့်တက်စေမှာဖြစ်လို့ မှန်ကန်တဲ့ စီမံခန့်ခွဲမှုတွေ လုပ်နိုင်ရမှာဖြစ်ပါတယ်။

သက်ကြီးကစားသမား များပြားလာမှုအပြင် လီဗာပူးရဲ့ နောက်ထပ် ပြဿနာတစ်ခုက non-homegrown အသင်းသားတွေ များပြားလာခြင်းပဲဖြစ်တယ်။ ဒါဟာ လူစာရင်း ၂၅ ဦးပဲ တင်လို့ရတဲ့ အဓိက ပြိုင်ပွဲတွေအတွက် လက်ရှိအသင်းသားတွေကို ပြန်လည်စိစစ်ရဖို့လည်း ဖြစ်လာခဲ့တယ်။ ဒီနွေမှာတော့ အသက် ၂၄ နှစ်အရွယ်တွေဖြစ်တဲ့ အဝန်နီယီ၊ ဝဲလ်ဆန်။ အသက် ၂၅ နှစ်အရွယ်ဖြစ်တဲ့ ဂရုဂျစ်တို့ကို ရောင်းထုတ်နိုင်ခဲ့တယ်။ ထပ်ပြီးလည်း နက်ဖီးလစ် (၂၄ နှစ်)၊ အိုရီဂီ (၂၅ နှစ်) နဲ့ ရှာကွီရီ (၂၉) နှစ်တွေဟာ လီဗာပူးရဲ့ အရောင်းစာရင်းတွေမှာ ပါဝင်နေဆဲပဲဖြစ်ပါတယ်။

ရာသီသစ်မှာ အသင်းအတွက် စွမ်းဆောင်ပြနိုင်မှုအပေါ် မူတည်ပြီး ၂၀၂၃ ခုနှစ်ထိပဲ ကလပ်နဲ့ သက်တမ်းကျန်တော့မယ့် ချိန်ဘာလိန် (၂၇ နှစ်)၊ ကိတ်တာ (၂၆ နှစ်) တို့ရဲ့ အနာဂတ်ကိုလည်း ဆုံးဖြတ်ပေးရပါမယ်။ လီဗာပူးဘက်က သူတို့ နှစ်ဦးကို ရောင်းထုတ်လိုရင်တော့ ဒီနွေမှာတော့ ကမ်းလှမ်းမယ့် ကလပ် မရှိတာကြောင့် သူတို့ရဲ့ အနာဂတ်ဟာ လာမယ့်ရာသီမှာ ကြံ့ခိုင်မှုကောင်းကောင်း ကစားနိုင်မလားအပေါ် မူတည်နေခဲ့ပါပြီ။

လီဗာပူးအသင်းဟာ နောက်ထပ် မျိုးဆက်အဖြစ် ဂျိုတာ၊ ကိုနတေးတို့ကို ခေါ်ယူထားပြီး အယ်လီးယော့၊ ဂျုံးလို လူငယ်ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ နွေဈေးကွက်မှာ ကစားသမားသစ် ထပ်ခေါ်ခဲ့ရင် ၂၄ နှစ်ကို မကျော်တဲ့ ကစားသမားတွေပဲ ဖြစ်လာပါလိမ့်မယ်။

ကိုဗစ်ကပ်ဘေးဟာ လီဗာပူးရဲ့ လူစာရင်း အားဖြည့်မှုကို အကန့်အသတ်ရှိစေခဲ့ပေမယ့် အသင်းဟာ ပြန်လည်အားဖြည့်မှုတွေဖြင့် သွေးသစ်လောင်းဖို့ လိုအပ်လာနေပြီဖြစ်တယ်။ ဒီနှစ်နှစ်အတွင်း ကစားသမား ရောင်းထုတ်မှု အရည်အချင်းရှိ လူငယ်တွေ ခေါ်ယူမှုတွေဖြင့် ထိရောက်တဲ့ ဖြေရှင်းမှုတွေ လုပ်ဖို့ လိုအပ်နေခဲ့ပြီဖြစ်ပါတယ်။