ပီအက်စ်ဂျီကွင်းလယ်လူ ဝိုက်နယ်ဒမ်က လီဗာပူးအသင်းနဲ့ စာချုပ် သက်တမ်း မတိုးဖြစ်တဲ့ ကိစ္စကို ထုတ်ပြောခဲ့ပြီး ဒီအပေါ် ထောက်ခံသူနဲ့ ကန့်ကွက်သူတွေဖြင့် မတူညီတဲ့ အမြင်တွေ များခဲ့ပါတယ်။

ဝိုက်နယ်ဒမ်က အသင်းဖော်တွေ၊ မဲဝုဒ်ကဝန်ထမ်းတွေနဲ့ ကွင်းထဲက ပရိသတ်တွေကို ချစ်ခင်ကြောင်းနဲ့ သူ့အပေါ် အမြဲတမ်း အားပေး အသိအမှတ်ပြုကြောင်း ဝန်ခံခဲ့တယ်။ ဒါပေမယ့်လို့ မီဒီယာရဲ့ ဇာတ်လမ်းဆင်မှုကြောင့် လူမှုကွန်ယက်ပေါ်က ပရိသတ်တွေက သူ့အပေါ် ဆက်ဆံပုံ ဆိုးရွားတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

The Times ကို ဝိုက်နယ်ဒမ်က ဖြေပေးရာမှာ “ လေ့ကျင့်ရေးတိုင်းမှာ အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်။ လီဗာပူးက ကျနော်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ အချို့သော အခိုက်အတန့်မှာတော့ အဲ့သည်မှာ ကျနော်ကို ချစ်မြတ်နိုးခြင်းနဲ့ အသိအမှတ်ပြုမှုတွေ မရဘူးလို့ ခံစားရတယ်။

အသင်းဖော်တွေကို ပြောတာ မဟုတ်ပါဘူး။ မဲဝုဒ်ကလူတွေကို ပြောတာ မဟုတ်ပါဘူး။ သူတို့အားလုံး ကျနော်ကို ချစ်ကြပြီး ကျနော်ကလည်း ချစ်တယ်ဆိုတာ သူတို့ သိပါတယ်။ သူတို့ မဟုတ်ဘဲ အခြားတစ်ဘက်က လူတွေပါ။ ကျနော်အပေါ် နှစ်သက်မှုမရှိတာကို ကုန်ခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုမှာ အချိုအချိန်တွေအတွင်း ကျနော် ခံစားမိခဲ့တယ်။ လူမှုကွန်ယက်တွေမှာကောပါ။

မီဒီယာကလည်း အကူအညီမဖြစ်ပါဘူး။ သူတို့က လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ကျနော်က လက်မခံဘူး ဘာလို့လည်းဆိုတော့ ကျနော်က စာချုပ်သစ်မှာ ငွေပိုလိုချင်တယ်လို့ ဇာတ်လမ်းထွင်ကြတယ်။ ပရိသတ်တွေက ‘ဝိုက်နယ်ဒမ်က သူ့စိတ်ကြိက် စာချုပ်သစ်မရဘူး ဒီတော့ ပွဲတွေကို အနိုင်ရဖို့ သူမကြိုးစားဘူး’ လို့ ယူဆကုန်ကြတယ်။ အားလုံးက ကျနော်အပေါ်ပဲ ထိပ်တိုက် ဖြစ်လာပါတယ်။

ရလဒ်တွေမကောင်းရင် အသင်းက ထွက်လိုတဲ့ ကစားသမားအပေါ်ပဲ ပြစ်တင်ကြတယ်။ ကျနော် လေ့ကျင့်ရေးမှာ ကြိုးစားပြီး ပွဲတွေမှာ အစွမ်းကုန် ပေးဆပ်ပါတယ်။ လီဗာပူးမှာ ရှိနေတဲ့ နှစ်တွေမှာ ကွင်းအတွင်း ပရိသတ်တွေက ကျနော်ကို ဆက်ဆံပုံ ကောင်းပါတယ်။ ကွင်းထဲက ပရိသတ်နဲ့ လူမှုကွန်ယက်က ပရိသတ်တွေ ဆက်ဆံပုံခြင်း မတူပါဘူး။

ကွင်းထဲမှာဆိုရင် ပရိသတ်တွေအကြောင်း မကောင်းပြောစရာကို မရှိပါဘူး။ အမြဲတမ်း အားပေးပါတယ်။ ကွင်းထဲ သူတို့ နောက်တစ်ကြိမ် ပြန်လာချိန်မှာဆို ကျနော် အသင်းက ထွက်တော့မယ်ဆိုတာ သူတို့ သိနှင့်နေပါပြီ ဒါပေမယ့်လည်း ဆက်ပြီး အားပေးကြပါတယ်။

လူမှုကွန်ယက်မှာတော့ အဲ့လို မဟုတ်ပါဘူး။ ကျနော်တို့ အရေးနိမ့်ပြီဆိုရင် ‘ ကျနော်က ပွဲတိုင်းကို ကြံ့ခိုင်နေရုံလောက်ပဲ ကစားတယ်’ လို့ ဝေဖန်ကြတယ်။ ကျနော်လို အခြေအနေမျိုးနဲ့ အခြားကစားသမားဆိုရင် ဒဏ်ရာမရဖို့ ပွဲကို မကစားလို့ရပါတယ်။ ကျနော်ကတော့ လေ့ကျင့်ရေးမှာ အစွမ်းကုန် ကြိုးစားပြီး ပွဲတွေမှာ အကောင်းဆုံး ပါဝင်ကစားခဲ့တာပါ။

ကြံ့ခိုင်ရေးနည်းပြထံ အားလပ်ရက်ပေးပါလို့ တောင်းခံခဲ့တာ မရှိသလောက်ပါပဲ။ ကျနော်က ကလပ်အတွက် အကောင်းဆုံး ကစားပေးခဲ့တယ်ဆိုတာကို ပရိသတ်တွေ မသိဘူးလို့ ခံစားရတယ်။ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဝိုက်နယ်ဒမ်ကတော့ ပရိသတ်တွေနဲ့ အသင်းတာဝန်ရှိသူအချို့ရဲ့ သူ့အပေါ် ဆက်ဆံပုံမကောင်းခြင်းနဲ့ အသိအမှတ်မပြုခြင်းတွေကြောင့် လီဗာပူးကို စွန့်ခွာတဲ့သဘောမျိုး ပြောဆိုခဲ့ပြီး ကာရေဂါကတော့ လက်မခံခဲ့ပါဘူး။ ငွေကြေးကြောင့် အသင်းကို စွန့်ခွာခဲ့တာလို့ပဲ ကာရေဂါက မြင်ပါတယ်။

လီဗာပူးဂန္တဝင်ကြီး ကာရေဂါကတော့ ဝိုက်နယ်ဒမ်ရဲ့ မှတ်ချက်ကိုပဲ ” ဂီနီကို ကျနော် နှစ်သက်ပါတယ်။ ဒါပေမယ့် သူပြောတာတွေက မမှန်ပါဘူး။ လူမှုကွန်ယက်လို့ ပြောရအောင်က နေရာတိုင်းမှာ စုန်းပြူးတွေတော့ ရှိတာပါပဲ။ နိုတီလေးတွေပိတ်ပြီး အပလီကေးရှင်းကို ဖျက်လိုက်ပါ။ သူက ပိုက်ဆံပိုလိုချင်တယ် ကလပ်က မပေးနိုင်ခဲ့ဘူး။ ဒါက ဘောလုံးပါပဲ။ ” လို့ ရှင်းရှင်းလင်းလင်း တုန့်ပြန်ခဲ့ပါတယ်။