လီဗာပူးရဲ့ အီဂျစ်သား တိုက်စစ်သမား ဆာလာဟာ ဒီရာသီ ပြသနေတဲ့ အကောင်းဆုံး ခြေစွမ်းတွေကြောင့် ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားအဖြစ် ချီးကျူးခံနေရပြီ ဖြစ်ပါတယ်။

လီဗာပူးကစားသမားဘဝ အကောင်းဆုံး ဘောလုံးရာသီမှာ သွင်းဂိုး ၄၄ ဂိုး သွင်းယူခဲ့တဲ့ ဆာလာဟာ အဆိုဆုံးရာသီမှာတောင် ၂၃ ဂိုးထိ သွင်းယူခဲ့သူဖြစ်တယ်။ လီဗာပူးရဲ့ ထာဝရ ဂိုးသွင်းအများဆုံး တိုက်စစ်သမား ၁၀ ဦးထဲ ပါဝင်လာတဲ့ ဆာလာဟာရဲ့ ဒီရာသီ ချိုးဖျက်ထားတဲ့ စံချိန်ကောင်းတွေကို ဖော်ပြလိုက်ပါတယ်။

ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်း

ဆာလာဟာ ဒီရာသီမှာ ၁၁ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။ ဒီရာသီ သူ ဂိုးမသွင်းနိုင်တဲ့ တစ်ပွဲတည်းသော ပွဲကတော့ ဘန်လေကို ရင်ဆိုင်ကစားခဲ့တဲ့ ပွဲမှာ ဖြစ်ပါတယ်။

မြင်သာတဲ့ နှိုင်းယှဉ်မှု လုပ်ရမယ်ဆိုရင် ဆာလာဟာ ပြိုင်ပွဲစုံ ၄၄ ဂိုးထိ သွင်းခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ဘောလုံးရာသီ တစ်ခုအတွင်း လိဂ်ဂိုး အများဆုံး သွင်းယူသူ (၃၂ ဂိုး) အဖြစ် မှတ်တမ်းဝင်တဲ့ ဘောလုံးရာသီမှာတောင် တူညီတဲ့ အချိန်အတွင်းမှာ သွင်းဂိုး ၆ ဂိုးပဲ ရယူထားနိုင်ပါတယ်။

စံချိန်တွေကို ချိုးဖျက်သူ

လီဗာပူးအသင်းက အက်သလက်တီကို မက်ဒရစ်ကို ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ဂိုးသွင်းနိုင်ခြင်းကြောင့်ပဲ ဆာလာဟာ လီဗာပူးအသင်းရဲ့ ၁၂၉ နှစ်သာ သမိုင်းတစ်လျှောက် ၉ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာဖြစ်တယ်။

ဒီရာသီ အဖွင့်ပွဲအဖြစ် နော့ဝစ်ချ်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဆာလာဟာ ပရီးမီးယားလိဂ်မှာ ၅ ရာသီဆက် ဘောလုံးရာသီ အဖွင့်ပွဲတွေကို ဂိုးသွင်းနိုင်တဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားခဲ့သေးတာပါ။

ကလပ်ရဲ့ အထင်ကရတွေကို ကျော်ဖြတ်ခြင်း

ပြီးခဲ့တဲ့လ ဘရန့်ဖိုဒ့်နဲ့ပွဲမှာ ၃-၃ သရေကျခဲ့စဉ် သွင်းဂိုး ရယူနိုင်ခဲ့တဲ့ ဆာလာဟာ လီဗာပူးအတွက် အဆင့်မြင့်တန်းမှာ သွင်းဂိုး ၁၀၀ ကို ပွဲပေါင်း ၁၅၁ ပွဲဖြင့် အမြန်ဆုံးရတဲ့ ကစားသမားအဖြစ် မှတ်တမ်းရစေခဲ့ပါတယ်။ လီဗာပူးကစားသမားဟောင်းတွေဖြစ်တဲ့ ရော်ဂျာဟန်ရဲ့ (၁၄၈ ပွဲ)၊ ဂျက် ပါကင်ဆန်ရဲ့ (၁၄၉ ပွဲ) တို့က ဆာလာထက် ပိုကောင်းပေမယ့် သူတို့ နှစ်ဦး သွင်းယူနိုင်ခဲ့တာက အင်္ဂလန် ဒုတိယတန်းလိဂ်မှာ ဖြစ်ပါတယ်။

ဒီအပတ်တွေမှာပဲ ဆာလာဟာ ဒရော့ဘာရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၄ ဂိုးကို လိုက်မှီခဲ့ပါတယ်။ ဆာလာဟာ နောက်ထပ် တစ်ဂိုး သွင်းတာနဲ့တင် ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးသွင်း အများဆုံး အာဖရိက ကစားသမား ဖြစ်လာပါမယ်။

ဥရောပသွင်းဂိုး

ဆာလာဟာ လီဗာပူးအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၃၁ ဂိုးထိ ရယူပေးထားခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ကလပ်သမိုင်းမှာ ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး ကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ထက်တောင် တစ်ဂိုး ပိုများသွားခဲ့တာ ဖြစ်ပါတယ်။