လီဗာပူးဟာ စနေနေ့က ဘရိုက်တန်နဲ့ စိတ်ပျက်ဖွယ် ၂-၂ သရေကျခဲ့တဲ့နောက် တနင်္လာနေ့မှာ လေ့ကျင့်ရေး ပြန်ဆင်းခဲ့ပါတယ်။
ဘရိုက်တန်ပွဲ ပထမပိုင်းမှာ ၃-၀ နဲ့ ဦးဆောင်ဖို့ နီးစပ်ခဲ့ပြီး ဂိုးရှေ့မှာ ဂိုးသမား ဆန်းချက်ရဲ့ ဘောလုံးကို မာနေး ဖြတ်ယူပြီး ပိတ်သွင်းယူခဲ့တာက လက်ထိဘောအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ နောက်ပိုင်းမှာ လီဗာပူးဟာ ၂-၀ နဲ့ ဦးဆောင်ထားမှုကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီရလဒ်ကြောင့် အမှတ်ပေးဇယားမှာ ချယ်ဆီးက သူတို့ထက် ၃ မှတ်အသာနဲ့ ဦးဆောင်နေဆဲ ဖြစ်ပေမယ့် ယာဂင်ကလော့ပ်က သူ့အသင်းကို ပြန်လည်အာရုံစိုက်ထားဖို့ စိတ်အားထက်သန်နေမှာပါ။ လီဗာပူးဟာ ကြားရက်မှာ အက်သလက်တီကို မက်ဒရစ်ကို ဧည့်ခံကစားရမယ့် ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခု ရှိနေပြီး တနင်္လာနေ့ လေ့ကျင့်ရေးမှာ မြင်တွေ့ခဲ့ရတဲ့ ထူးခြား ကိစ္စတွေကို ဖော်ပြလိုက်ပါတယ်။
သီယာဂို ပြန်လာခြင်း
စပိန်ကွင်းလယ်လူဟာ စက်တင်ဘာမှာ ပဲလေ့စ်ကို ၃-၀ နဲ့နိုင်ခဲ့ပြီးကတည်းက ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ထပ်မကစားနိုင်ခဲ့တာဖြစ်ပေမယ့် မနေ့က လေ့ကျင့်ရေးမှာ ပြန်မြင်တွေ့ခဲ့ရပါတယ်။ ဘရိုက်တန်နဲ့ ပွဲကြိုလေ့ကျင့်ရေးမှာလည်း မြင်တွေ့ခဲ့ရတာမို့ သူ ပြန်ကစားနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ ၉ ပွဲကို လွဲချော်ခဲ့တဲ့ အသက် ၃၀ အရွယ် ကွင်းလယ်လူ စီနီယာအသင်းကြီးနဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့ခြင်းဟာ မီလ်နာနဲ့ အယ်လီေးယော့တို့ ဒဏ်ရာရနေပြီး ဘရိုက်တန်နဲ့ပွဲမှာ ကိတ်တာကို လူစားလဲခဲ့ရတဲ့ ကလော့ပ်အတွက် သတင်းကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
ဖာဘင်ညိုကို မြင်တွေ့ခဲ့ရ
ကလပ်ရဲ့ နောက်ဆုံး ၃ ပွဲကို လွဲချော်ခဲ့တဲ့ ဘရာဇီးကွင်းလယ်လူကိုလည်း အသင်းကြီးနဲ့ လေ့ကျင့်ရေးမှာ ပြန်မြင်ခဲ့ရပါတယ်။ ဒါဟာ ကွင်းလယ် ရွေးချယ်စရာများစွာ ပျောက်ဆုံးနေခဲ့တဲ့ ကလော့ပ်အတွက် အတော်လေး လိုအပ်နေခဲ့တဲ့ အားတက်စရာ သတင်းတစ်ခုပါ။
ဖာဘင်ညိုဟာ မန်စီးတီးနဲ့ ၂ ဂိုးစီ သရေပွဲမှာ နောက်ဆုံးကစားခဲ့တာဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်နဲ့ပွဲမှာ ပြန်ပါနိုင်မလား မသေချာသေးပေမယ့် ပွဲကျပ်ကာလ မတိုင်ခင် သူပြန်သက်သာလာခြင်းက လီဗာပူးအတွက် သတင်းကောင်း ဖြစ်နေဆဲပါ။
အားပေးမှုတွေ ပြသခဲ့တဲ့ လီဗာပူးအသင်းသားများ
လီဗာပူးအသင်းဟာ ဘုန်းမောက်ရဲ့ ဒေးဗစ်ဘရွတ်ခ်နဲ့ နောဝစ်ချ်ရဲ့ ဒန်ဘာဒင်တို့နှစ်ဦးအပေါ် အားပေးစကား မက်ဆေ့ချ်တွေ ပေးပို့ပြီး သူတို့ရဲ့ ကြင်နာမှုကိုပြသခဲ့ပါတယ်။
အောက်တိုဘာလတုန်းက ဘရွတ်ခ်ဟာ သွေးဖြူဥ ကင်ဆာရောဂါ ခံစားနေခဲ့ရကြောင်း အသိပေးခဲ့တာဖြစ်ပြီး ဝေးလ်ယူ၂၁ ဂိုးသမား ဘာဒင်ကလဲ testicular cancer ရောဂါ ခံစားခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံအသင်းမှာ ဘရွတ်ခ်ရဲ့ အသင်းဖော်ဖြစ်တဲ့ နီကိုးက မိမိတို့ကလပ်ဟာ သူတို့နှစ်ဦး ဝေဒနာတွေကို အောင်မြင်စွာ တိုက်ထုတ်နိုင်စေဖို့ ဆုတောင်းပေးနေတဲ့အကြောင်း တွစ်တာမှာ ရေးသားခဲ့တာပါ။
ကယ်လယ်ဟာ ပြန်လာပြီး စီနီယာလေ့ကျင့်ရေးမှ မော်တန်နဲ့ ဂေါ်ဒန်
ကယ်လယ်ဟာကို ဘရွတ်ခ်နဲ့ ဘာဒင်အတွက် ဆုတောင်းပေးနေတဲ့ စီနီဝာအသင်းနဲ့အတူ မြင်တွေ့ခဲ့ရပါတယ်။ ကယ်လယ်ဟာဟာ အဖျားဝေဒနာကြောင့် ယူနိုက်တက်နဲ့ပွဲကို လွဲချော်ခဲ့သလို ပရက်စတန်နဲ့ ကာရာဘောင်းပွဲမှာလည်း မပါနိုင်ခဲ့ပါဘူး။
ပထမအသင်းကြီးရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ အကယ်ဒမီ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဂေါ်ဒန်နဲ့ တိုင်လာ မော်တန်တို့ကိုလည်း မြင်တွေ့ခဲ့ရတာပါ။ မော်တန်ဟာ ပြီးခဲ့တဲ့လက ပရက်စတ်နဲ့ပွဲမှာ ထပ်ပြီး အထင်ကြီးစရာ ပြသခဲ့ပြီး အသက် ၁၇ နှစ်အရွယ် ဂေါ်ဒန်ကတော့ ဒဏ်ရာက ပြန်သက်သာလာခြင်းကြောင့် စီနီယာအသင်းနဲ့အတူ ဆက်ပြီး အတူရှိနေခဲ့တာ ဖြစ်ပါတယ်။