လီဗာပူး ၂-၀ အက်သလက်တီကို ပွဲအပြီးမှာတော့ အင်္ဂလန်ပြည်တွင်း မီဒီယာတွေမှာ လီဗာပူးအကြောင်း ဖော်ပြမှုတွေ များပြားခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ ရှုံးထွက်ကို ပထမဆုံး တက်ရောက်နိုင်တဲ့ ကလပ် ၄ သင်းထဲက ၁ သင်းအဖြစ် ပါဝင်ခဲ့တဲ့ လီဗာပူးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ စကားစမြည်း ပြောစရာ အနည်းငယ်ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
စွယ်စုံရ စွမ်းရည်နဲ့ ထရန့်
ထရန့်ဟာ တိုက်စစ်လိုက်ချိန်တိုင်းမှာ ဖန်တီးမှုပိုင်း ကောင်းမွန်သူဖြစ်သလို လီဗာပူးအတွက် ညာခြမ်းကနေ အမြင်ရှိမှုတွေဖြင့် ပံ့ပိုးပေးနိုင်မှုကြောင့်လည်း ထင်ရှားသူဖြစ်တယ်။ တီကိုပွဲမှာလည်း ကောင်းမွန်တဲ့ ဖန်တီးမှု နှစ်ကြိမ် လုပ်ပေးခဲ့တဲ့ ထရန့်ဟာ သူ့ရဲ့ နည်းဗျူဟာပိုင်း စွယ်စုံရ ကျွမ်းကျင်မှုအတွက် နောက်ထပ် ဥပမာတစ်ခု ပြသခဲ့ပြန်ပါတယ်။
ပွဲအပြီး ဘောလုံးထိချက်တွေအရ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ကွင်းလယ်နေရာတွေ အများကြီးမှာ ပါဝင်လှုပ်ရှားခဲ့တယ်ဆိုတာ ပြသနေပါတယ်။ သူဟာ အက်သလက်တီကို ခံစစ်တန်းနောက်မှာ နေရာယူပြီး ဂျိုတာအတွက် ပထမဆုံးအကြိမ် ဖြတ်တင်ပေးပို့မှုကနေ ပထမဂိုးကို ဖန်တီးပေးခဲ့သလို ဒုတိယဂိုးမှာလည်း မာနေးအတွက် သင့်လျော်မယ့် ဘောလုံးကို အသာလေး လှမ်းတင်ပေးခဲ့တာ ဖြစ်ပါတယ်။
ထပ်ပြီး ရုန်းကန်ခဲ့ရတဲ့ ဆွာရက်စ်
၂၀၁၄ မှာ လီဗာပူးကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ခဲ့တဲ့ ဆွာရက်စ်ဟာ အန်ဖီးမှာ လာကစားတိုင်း ရလဒ်ဆိုးမှုကို ဆက်လက် ရင်ဆိုင်သွားရပါတယ်။ ဘာစီလိုနာ ကစားသမားဘဝတုန်းက ချန်ပီယံလိဂ်မှာ လီဗာပူးအသင်းရဲ့ ၄-၀ နဲ့ comeback အနိုင်ယူခြင်းကို ခံခဲ့ရတဲ့အပြင် အခုတပွဲမှာလည်း အက်သလက်တီကိုနဲ့အတူ ရှုံးပွဲထပ်တွေ့ခဲ့ပါတယ်။
ဒီနေ့ပွဲရဲ့ ပွဲချိန်အစောပိုင်းမှာ ဂျိုးမာတစ်က သူ့ကို လီဗာပူး ပင်နယ်တီဧရိယာနား မကပ်နိုင်အောင် ထိန်းချုပ်ထားခဲ့သလို တိုက်စစ်သမားက တစ်ပွဲလုံးမှာ ခြိမ်းခြောက်မှုပေးဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ မာတစ်ကို ထိပြီး လမ်းကြောင်းပြောင်း ဝင်သွားတဲ့ ဂိုးတစ်ဂိုး သွင်းယူခဲ့ပေမယ့် ဘောလုံးပေးပို့သူက လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။
ပရိသတ်တွေထံက လှောင်ပြောင်မှုတွေ၊ လက်ခုပ်တီးအားပေးမှုတွေ ရောထွေးနေခဲ့ပြီးနောက် ပွဲချိန် တစ်နာရီအတွင်းမှာပဲ လူစားလဲခံခဲ့ရတာပါ။ ပွဲအပြီးမှာတော့ ဟန်ဒိုက သူ့ကို နွေးထွေးစွာ ပွေ့ဖက် ကြိုဆိုခဲ့ပါတယ်။
စည်းကမ်းကြီးတဲ့ ယူအီးအက်ဖ်အေ ဒိုင်လူကြီး
ပြီးခဲ့တဲ့ ပွဲအပြီး ကလော့ပ်နဲ့ ဆီမြွန်နီတို့ လက်ဆွဲနှုတ်ဆက်ခြင်း မလုပ်တဲ့ကိစ္စအပေါ် ပိုကဲလွန်းတဲ့ တုံ့ပြန်မှုတွေက ကွင်းထဲက ကစားသမားတွေရဲ့ အပြုအမူတွေအထိ နေရာတိုင်းမှာ အသေးစား ရန်ပွဲတွေ ရှိခဲ့ပါတယ်။
ဆာဒီယို မာနေးက ကွင်းလယ်မှာ ကော်ရီးရားနဲ့ အချင်းများခဲ့ပြီး ဒီယိုဂို ဂျိုတာက ကိုကီရဲ့ စိန်ခေါ်မှု အများဆုံးကို ကြုံခဲ့ရသလို ကိုကီကလည်း အဲ့ဒီ့အတွက် အဝါကဒ် ပြသခံခဲ့ရပါတယ်။ ကွင်းလယ်ဒိုင်က လွယ်လွယ်ကူကူ ကဒ်ပြသလွန်းခဲ့ပြီး ဖီးလစ်ပီရဲ့ အနီကဒ်က အနည်းငယ် ပြင်းထန်လွန်းခဲ့တယ်။
အက်သလက်တီကို ကစားသမားဟာ ပုံမှန်အားဖြင့် အဝါကဒ်တောင် ပြကောင်းမှပြမယ့် အခိုက်အတန့်မျိုးမှာ သူ့ရဲ့ မထီမဲ့မြင်လုပ်ခြင်းရဲ့ အပြစ်ကို ခံစားခဲ့ရတာဖြစ်ပါတယ်။
ကွင်းလယ်ဟန်ချက်ညီမှု
ချိန်ဘာလိန်က ပွဲထွက်ခွင့်နဲ့ ယုံကြည်မှုပေးခံခဲ့ရခြင်းအတွက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့သလို အင်အား၊ စိတ်အားထက်သန်မှု ကောင်းကောင်းနဲ့ ပြိုင်ဘက်တွေကို ခြိမ်းခြောက်ခဲ့ပါတယ်။
ကွင်းလယ်မှာ ဖာဘင်ညို ပြန်လာတာက စည်းလုံးညီညွတ်မှုအတွက် အဓိက အကြောင်းပြချက် ဖြစ်ခဲ့ပြီး သူရှိနေတာကြောင့် ဟန်ဒါဆန်က တိုက်စစ်ကို ပိုမိုလိုက်ပါခဲ့ပြီး ထရန့်နဲ့ပါ ကွင်းလယ်မှာ ကောင်းကောင်းကြီး တွဲကစားခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ သီယာဂိုက ကစားချိန် တချို့ရခဲ့ပြီး ဖာဘင်ညိုကလည်း တနင်္ဂနွေနေ့ ဝက်စ်ဟမ်းနဲ့ ပွဲမတိုင်ခင် မြန်မြန် အနားယူချိန် ရခဲ့ပါတယ်။
သက်တောင့်သက်သာနဲ့ လျှောက်ရမယ့်လမ်း
တဖက်က အေစီမီလန်နဲ့ ပေါ်တိုက သရေကျခဲ့တာကြောင့် လီဗာပူးဟာ လက်ကျန်ပွဲတွေမှာ ဘယ်လိုရလဒ်ထွက်ထွက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ရုံမက အုပ်စုဗိုလ်ပါ သေချာသွားစေခဲ့ပါတယ်။ ဒါကြောင့် နောက်လာမယ့် စိန်ခေါ်မှုတွေမှာ ကစားသမားတိုင်းကို လန်းလန်းဆန်းဆန်း ဖြစ်နေစေဖို့အတွက် အုပ်စုလက်ကျန် ၂ ပွဲမှာ ကလော့ပ်အနေနဲ့ လူစာရင်းကို အလှည့်အပြောင်းတွေ များစွာ လုပ်နိုင်ပါတယ်။
ချန်ပီယံလိဂ်မှာက နိုင်ပွဲများလေလေ၊ ဆုကြေးပိုရလေ ဖြစ်တာကြောင့် လက်ကျန်ပွဲတွေကို အရန်လူတွေနဲ့ လျှော့ကန်မလား၊ အနိုင်ရအောင် ထပ်လုပ်သွားမလားကတော့ စဉ်းစားရမှာပါ။ အက်သလက်တီကိုနဲ့ပွဲမှာ လူစားဝင်ခွင့် မရခဲ့တဲ့ တိုင်လာ မော်တန်တို့လို လူငယ်ကစားသမားတွေကို နောက်ပွဲတွေမှာ အခွင့်အရေး ပေးလိမ့်မယ်လို့ မျှော်လင့်ရနိုင်တာ ဖြစ်ပါတယ်။