တီကိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ တိုက်စစ်မှူး လူးဝစ်ဆွာရက်စ်ဟာ လီဗာပူးရဲ့ ပြိုင်ဘက်အဖြစ် အန်ဖီးကို ပြန်လာခဲ့သလို တိုက်စစ်ဟောင်း တောရက်စ်ကလည်း ဧည့်သည်တော်အဖြစ် အန်ဖီးကို ပြန်လာခဲ့ပါတယ်။
အတိတ်က လီဗာပူးပရိသတ်တွေရဲ့ အချစ်တော် နှစ်ဦးဟာ အန်ဖီးကို တူညီစွာ ပြန်ရောက်လာခဲ့ကြတာဖြစ်တယ်။ ပွဲကြိုမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်က ဆွာရက်စ်ကို ကောင်းမွန်စွာ ကြိုဆိုပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပွဲ့နေ့မှာတော့ ထင်သလို မဖြစ်ခဲ့ဘဲ လီဗာပူးပရိသတ်တွေဟာ ဆွာရက်စ်ကို ပြင်းပြင်းထန်ထန် မတုန့်ပြန်သလို နွေးထွေးတဲ့ ကြိုဆိုမှုလည်း မပေးခဲ့ပါဘူး။
ဒါပေမယ့်လို့ ပွဲအပြီးမှာ ဟန်ဒါဆန်က ဆွာရက်စ်ကို ကောင်းမွန်စွာ နုတ်ဆက်ခဲ့သလို လီဗာပူးအသင်းရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကင်နီကလည်း တပည့်ဟောင်း ဆွာရက်စ်ကို ပြုံးရွှင်စွာ ဧည့်ခံခဲ့ပါတယ်။ ဒါ့အပြင် အန်ဖီးရဲ့ ဥမင်ထဲမှာတော့ တောရက်စ်နဲ့အတူ လီဗာပူးဘယ်အစွန်လူဟောင်း အင်းနရစ်ကိုလည်း မြင်တွေ့ခဲ့ရသေးတာဖြစ်တယ်။
ပွဲကြီးပွဲကောင်းတွေမှာ LFCTV က ပုံမှန် ထုတ်လွှင့်လေ့ရှိတဲ့ ပွဲနေ့ဗီဒီယိုဟာ အက်သလက်တီကို ပွဲအပြီးမှာလည်း ထုတ်လွှင့်ခဲ့ပေမယ့် ပုံမှန် ထုတ်လွှင့်မှုရဲ့ ထက်ဝက်လောက်ထိ လျော့နည်းနေခဲ့တာကြောင့် တောရက်စ်၊ ဆွာရက်စ်တို့ ပွဲနောက်ကွယ်မှာ ဘာတွေ လုပ်ခဲ့ကြတယ်ကိုတော့ သေသေချာချာ မမြင်ခဲ့ရပါဘူး။
ဒါပေမယ့် ထူးထူးခြားခြား ဖြစ်ရပ်အဖြစ် ဆွာရက်စ်ဟာ အန်ဖီးကနေ ထွက်ခွာခါနီးမှာ လီဗာပူးဂျာစီတွေဖြစ်တဲ့ အိမ်ကွင်း၊ အဝေးကွင်းနဲ့ တတိယ ဂျာစီ သုံးထည်ကို လက်ဆောင်အဖြစ် ယူဆောင်သွားခဲ့တာကို မြင်ခဲ့ရပါတယ်။ ဒါဟာ မိသားစုဝင်တွေအတွက် အိမ်အပြန် လက်ဆောင်ဖြစ်မယ်လို့ ပရိသတ်တွေဘက်က ခန့်မှန်းနေကြတယ်။
လီဗာပူးနဲ့ ဆွာရက်စ်ကြားမှာ ထူးခြားတဲ့ ရေစက်တစ်ခုက ဥရုဂွေးတိုက်စစ်မှူးရဲ့ အချစ်ဆုံး သမီးကြီးနဲ့ ဒုတိယသားတို့ဟာ လီဗာပူးမှာ မွေးခဲ့ကြတာဖြစ်ပါတယ်။ ဆွာရက်စ်ဟာ သူ့ရဲ့ သမီးဖြစ်သူ Delfina ကို ချစ်လွန်းတာကြောင့် လက်ကောက်ဝတ်မှာ တက်တူးပါထိုးထားခဲ့ပြီး ဂိုးသွင်းပြီးတိုင်း လက်ကောက်ဝတ်ကို နမ်းပြီး အောင်ပွဲခံလေ့ရှိပါတယ်။
ဆွာရက်စ်ကတော့ တမင် ရည်ရွယ်ပြီး ပေးခဲ့တာလို့ ဝန်မခံပေမယ့်လို့ ဒါက ကံကြမ္မာပါပဲလို့ ဆိုခဲ့ဖူးတယ်။ ဘာလို့လည်းဆိုရင် Delfina ကို စကားလုံး ဖလှယ်လိုက်ရင် Anfield ဆိုတဲ့ စကားလုံး အဖြစ် ပြောင်းလဲသွားတာကို မြင်ရမှာဖြစ်တယ်။ ဆွာရက်စ်ရဲ့ သမီးလေးဟာ အခုချိန်ထိ လီဗာပူးကို အားပေးနေဆဲလို့လည်း သိရတယ်။
၂၀၁၉ တုန်းက ဘာစီလိုနာ ကစားသမားအဖြစ် ဆွာရက်စ် အန်ဖီးကို လာခဲ့စဉ်တုန်းက သမီးဖြစ်သူ Delfina နဲ့ သာတော်မောင် Benjamin ကိုပါ ခေါ်လာခဲ့ဖူးပြီး ဒီတစ်ကြိမ်တော့ ပါမလားခဲ့ပါဘူး။ ဒါကြောင့်လည်း အိမ်အပြန် လက်ဆောင်ရယ်လို့ ယူဆနေခဲ့ကြခြင်း ဖြစ်တယ်။
ဆွာရက်စ်ရဲ့ အိမ်အပြန် ဂျာစီ သုံးထည်ဟာ သမီလေးအတွက် ရည်ရွယ်တာ ဖြစ်ကောင်းဖြစ်နိုင်ပြီး လီဗာပူးပရိသတ်တွေကတော့ အဆိုပါ မြင်ကွင်းအတွက် အတော်လေး စိတ်မကောင်းဖြစ်နေခဲ့ကြတယ်။ ဆွာရက်စ်အပေါ် လီဗာပူးပရိသတ်တွေရဲ့ တုန့်ပြန်မှုကတော့ အချစ်ကြီးလို့ အမျက်ကြီးတာလို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။