လီဗာပူးရဲ့ ဆုဖလား စိန်ခေါ်နိုင်စွမ်းနဲ့ အလားအလာကို ဒေးလီးမေလ်းမှာ ခေါင်းကြီး သတင်းအဖြစ် ရေးသားသွားတဲ့ ပီတာခရော့ရဲ့ သုံးသပ်ချက်ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပီတာခရော့က ” ဒီရာသီအစမှာ ဖလားနဲ့ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေ စိတ်ဝင်စားစရာ အရွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီနှစ်တွေမှာ ဆုဖလားစိန်ခေါ်မှုတွေအတွင်း အမြဲပါဝင်လာတတ်တဲ့ လီဗာပူးကို မေ့ထားရင် မှားသွားမယ်ဆိုပေမယ့် လူတိုင်းရဲ့ အာရုံက နေရာအမျိုးမျိုးကို ကွဲပြားနေတာပါ။

သတင်းခေါင်းစီးတွေက တခြားသော စူပါကလပ်တွေကို ညွှန်းဆိုနေခဲ့ကြပါတယ်။ ချယ်ဆီးကို ပြန်လာတဲ့ လူကာကူ၊ ယူနိုက်တက်နဲ့ ကြည်နူးဖွယ် ပြန်ပေါင်းစည်းခဲ့တဲ့ ရော်နယ်ဒို၊ ဈေးအကြီးဆုံး ဗြိတိန်ကစားသမားအဖြစ် မန်စီးတီးထံ ရောက်သွားတဲ့ ဂျက်ဂရီးလစ် စတဲ့သတင်းတွေပါ။

အပြောင်းအရွှေ့တွေက ကြောင်တောင်တောင်နဲ့ ထူးခြားတဲ့အရာပါ။ လီဗာပူးသာ ဟာလန်းကို ခေါ်ယူခဲ့မယ်ဆိုရင် သူတို့ဟာ ဆုဖလားရေပန်းစားဖို့ရာ ရာသီအစမှာထဲက လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားမယ့် အသင်းတစ်သင်း ဖြစ်သွားမှာပါ။ ဒါပေမယ့် လီဗာပူးက ဟာလန်းကို မရခဲ့သလို အဲ့လို ရေပန်းစားမှုတွေလည်း ဖြစ်မလာခဲ့ပါဘူး။

လီဗာပူးဟာ ငွေသုံးကြမ်းတဲ့ အသင်းတွေလောက် ချန်ပီယံအဖြစ် ထင်ကြေးပေးမခံရဘူးလား။ ဘာကြောင့်လဲ။ ဘာလို့လဲဆိုတော့ ဘဝမှာ လူတိုင်းက အသစ်အသစ်သော အရာတွေ၊ တောက်ပတဲ့အရာတွေကိုပဲ အမြဲ ကြည့်တတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ကစားပွဲအတွက် တောက်ပတဲ့ အရာတွေကတော့ သိပ်ကိုဈေးကြီးတဲ့ ဘောလုံးသမားတွေပါပဲ။

လီဗာပူးဟာ လိုက်ဇစ်ထံကနေ ကိုနာတေးတစ်ယောက်ကိုပဲ ခေါ်ယူခဲ့ပါတယ်။ ပိုပြီးအရေးကြီးတာက သူတို့နောက်တန်းမှာ ဗန်ဒိုက် ပြန်ကစားနိုင်သွားပြီး ဟန်ဒန်ဆန်ကလည်း ကြံ့ခိုင်မှုပြည့်ဝလာတာပါ။ ဒီ့ပြင်လူတွေလည်း ရှိသေးတာကြောင့် အသင်းရဲ့ အဓိကကျောရိုးဖြစ်တဲ့ ကစားသမားတွေကို ဒီရာသီစမှာတင် ပြန်လည်ကြိုဆိုခွင့်ရခဲ့ပါတယ်။

နိုင်ငံတကာသီတင်းပတ်ပြီးကတည်းက သူတို့တွေဟာ ပြိုင်ဘက်တွေအတွက် ရှိန်လောက်စရာ ဖြစ်ခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ ရှုံးပွဲကို တုံ့ပြန်တဲ့အနေနဲ့ အန်ဖီးမှာ ဆောက်သမ်တန်နဲ့ အာဆင်နယ်တို့ကို လေးဂိုးစီ သွင်းပြပြီး အနိုင်ယူခဲ့တယ်။ တိုက်စစ်ပြီးတိုက်စစ် ကစားရင်း အလိုရှိတဲ့အခါ ဂိုးတွေသွင်းယူနိုင်လာတယ်။ ပြိုင်ဘက်တွေ အနေနဲ့တော့ ဘာမှလုပ်နိုင်စွမ်းမရှိပဲ ကြိတ်ခံရဖို့ ဖြစ်လာတယ်။

ဒီအသင်းဟာ ဥရောပမှာ ဘယ်အသင်းကိုမဆို ချက်ချင်း အနိုင်ယူပြနိုင်တယ်။ စီးတီးကလည်း အတူတူပါပဲ ချယ်ဆီးကလည်း မဆုတ်မနစ်နဲ့ လုပ်ပြနိုင်ခဲ့တယ်။ ဒါက သူတို့သုံးသင်းကြား သိပ်ကို ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ဖြစ်စေပါတယ်။ ရမှတ်တိုင်းက အရေးကြီးလာပါတယ်။

ဒီလိုအခြေအနေမှာ အာဖရိက နေးရှင်ဖလားက အသင်းရဲ့ တိုက်စစ်ကို အားလျော့သွားစေနိုင်တဲ့ ပြဿနာတစ်ခုဆိုတာ ယာဂင်ကလော့ပ် သိနေတယ်။ ဆာလာ၊ မာနေး၊ ကိတ်တာတို့လို ကစားသမားတွေဟာ ကလပ်ရဲ့ ပွဲတွေ လွဲချော်ရမယ့်အပြင် ဒီလို ပြိုင်ပွဲမှာ ပါဝင်ပြီး ကင်မရွန်းကနေ အင်္ဂလန်ကို တန်းပြန်လာ၊ တသီတတန်းကြီး ရှိနေတဲ့ ကလပ်ပွဲတွေမှာ တန်းကစားခွင့်ရဖို့ဆိုတာ မလွယ်ကူပါဘူး။

အကောင်းဆုံးပုံစံတွေရနေတဲ့ မာနေးနဲ့ မိုဆာလာတို့ဟာ အဲ့ဒီ့အချိန်ကာလအတွင်း ပရီးမီးယားလိဂ် ၂ ပွဲ (သို့) ၃ ပွဲကနေ ၅ ပွဲလောက် လွဲချော်နိုင်ပေမယ့် လီဗာပူးဘက်ကတော့ လက်စတာ၊ ချယ်ဆီးတို့နဲ့ ကစားရမယ့် အရေးကြီးတဲ့ အဝေးကွင်းပွဲတွေမှာ သူတို့တွေ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အဲ့ဒီ့ပွဲတွေအတွက် သူတို့ရှိနေရင် လီဗာပူးအတွက် ကြီးမားတဲ့ အားတစ်ခု ဖြစ်စေမှာပါ။

လီဗာပူးဟာ တခြားသူတွေလောက် အင်အားမတောင့်တင်းဘူလို့ ပြောကောင်းပြောနိုင်ပေမယ့် တစ်ယောက်ယောက်ကတော့ အမြဲတမ်း အားကိုးစရာ ဖြစ်လာတာပါပဲ။ နောက်ဆုံး ၂ ပွဲမှာ ၃ ဂိုး သွင်းယူထားတဲ့ ဂျိုတာက အကောင်းဆုံး ဥပမာပါ။

စနေနေ့က ဆောက်သမ်တန်နဲ့ပွဲကို လီဗာပူးပရိသတ်တစ်ယောက်ဖြစ်တဲ့ သူငယ်ချင်းနဲ့ အတူကြည့်ခဲ့တယ်။ ဖာမီနိုက အသင်းမှာ ပါဝင်ဖို့ လုံလောက်မှု မရှိတဲ့အကြောင်း သူက ပြောခဲ့တယ်။ လအစမှာ အက်သလက်တီကိုနဲ့ပွဲပြီးတည်းက ဒဏ်ရာရနေလို့ပါလို့ ကျွန်တော် သူ့ကို ပြောပြခဲ့ပါတယ်။

သူမသိခဲ့တဲ့ အချက်က ဖာမီနို ဒဏ်ရာရတာဟာ အဲ့ဒီ့နေရာတွေမှာ ကလော့ပ်အတွက် အစားထိုးစရာ အရည်အသွေးတွေ လုံလုံလောက်လောက် ရှိနေတယ်ဆိုတာပြသခဲ့ပြီး ဂျိုတာရဲ့ စွမ်းဆောင်ရည်တွေက ဖာမီနိုကို မေ့သွားလောက်စေတာပဲ။ တိုက်စစ်သုံးနေရာမှာ ဘယ်သူတွေ ပွဲထွက်ထွက် အရေးမကြီးဘူး။ ပွဲအစကတည်းက အသင်းရဲ့ ဖိအားပေး ကစားပုံက ကလော့ပ်လက်အောက်မှာ ဘယ်တော့မှ မပြောင်းလဲသွားပါဘူး။

ကြားရက်က ပီအက်စ်ဂျီနဲ့ စီးတီးပွဲကို ကြည့်ခဲ့သေးတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူးတွေက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေပါ။ ဒါပေမယ့် လီဗာပူးရဲ့ တိုက်စစ် အလုပ်လုပ်ပုံကိုကြည့်ပြီး ဘယ်သုံးယောက်ကို ပိုကြိုက်လဲဆိုတာ မေးကြည့်ပါ။ ပီအက်စ်ဂျီက တိုက်စစ်မှူးတွေက ကွင်းထဲမှာ လမ်းပဲလျှောက်နေပြီး ပြိုင်ဘက်က ပေးပို့မှုတွေ လုပ်နေတာကို ခွင့်ပြုပြီး ရပ်ကြည့်နေတယ်။

ဟုတ်ပါတယ်။ အဲ့လိုလုပ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ မက်ဆီရဲ့ အရည်အသွေးကို မင်း ငြင်းခုန်လို့မှ မရတာ။ ဒါပေမယ့် ဘာလို့ အင်တိုက်အားတိုက် မကစားတာလဲ။

ကလော့ပ်ရဲ့အသင်းမှာတော့ အဲ့လို ကစားမှာ မဟုတ်ဘဲ တိုက်စစ်ကစားသမားတွေက အလုပ်နဲ့ သက်သေပြတယ်။ သူတို့တွေကို အနာဂတ်မှာ ရှေ့တန်း တိုက်စစ်မှူးတစ်ယောက် ခေါ်ယူစေချင်ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီ တိုက်စစ်ပိုင်းမှာရှိနေတဲ့ အကျင့်စရိုက်မျိုးက လီဗာပူးမှာ အံဝင်မှာ မဟုတ်လောက်ပါဘူး။

နောက်နွေရာသီက စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်။ လီဗာပူးက နာမည်ကြီး တစ်ယောက်ယောက် ခေါ်မယ်ထင်တယ်။ ကွင်းလယ် လူသစ်တစ်ယောက်ကို ခင်ဗျားတို့ မျှော်လင့်နေမှာပေါ့။ ဒဏ်ရာပြဿနာတွေကြောင့် ကံဆိုးခဲ့တဲ့ အယ်လီးယော့နဲ့ ကာတစ်ဂျုံးတို့က အတည်တကျရှိပြီးသား ကွင်းလယ်မဟုတ်လို့ အဲ့ဒီ့နေရာတွေကို ဘယ်သူမဆို ဝင်ယူသွားနိုင်ပါတယ်။

မနက်ဖြန် ချန်ပီယံလိဂ်ဖိုင်နယ်ရှိခဲ့မယ်ဆိုရင် ကလော့ပ်က ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ကို ကစားစေမှာပါ။ ချိန်ဘာလိန်က အထင်ကြီးစရာကောင်းခဲ့ပေမယ် သူက နည်းနည်းတော့ ကွဲပြားပြီး ဘောလုံးသယ်ရတာကို ကြိုက်တတ်တယ်။ ပြီးတော့ အယ်ကန်တာရာရှိတယ်။ အိုဝင်က သူ့ကို ဘောလုံးသမားတစ်ယောက်ရဲ့ စိတ်ကြိုက် ဘောလုံးသမားအဖြစ် ဖော်ပြခဲ့တယ်။ အဲ့ဒါက ပြီးပြည့်စုံတဲ့ စကားပါပဲ။

သီယာဂို အနေနဲ့ နောက်ခံလူတွေကို အများကြီး ဖန်တီးခွင့်ပေးထားတဲ့ နည်းစနစ်တစ်ခုမှာ အလုပ်ကြိုးစားကြတဲ့ ကွင်းလယ်ထဲ အံဝင်ပါ့မလားဆိုတာ ကျွန်တော် သိချင်ခဲ့တယ်။ သူက နောက်ဆုံးပွဲအနည်းငယ်မှာ ထိန်းချုပ်ကစားပြခဲ့ပါတယ်။ ဒါက ကောင်းမွန်တဲ့ ပွဲဆက်တွေပါပဲ။

သီယာဂိုက မင်းကို ထပြီးတော့ ‘ဝိုး’ လို့ အော်ရတဲ့အထိ ဖြစ်စေတယ်။ တခြားသူတွေ မလုပ်နိုင်တာကို သူလုပ်နိုင်တယ်။ သူ့ကစားပုံက လှပပြီး ဆွဲဆောင်မှုရှိလှပါတယ် ” က ဆိုပြီး လီဗာပူးရဲ့ ဘောလုံးရာသီကို သုံးသပ်ခဲ့ပါတယ်။