ဒီတပတ်မှာ အားလုံး မျှော်နေကြတဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက် အဆင့် ပွဲစဉ်တွေ စတင်ပြီ ဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ ပထမ အကျော့ အဖြစ် စီးရီးအေကလပ် အင်တာမီလန် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။

လီဗာပူးဟာ အုပ်စု အဆင့်မှာလည်း အေစီမီလန်နဲ့ ရင်ဆိုင်ခဲ့ရပြီး နှစ်ကျော့လုံး နိုင်ထားခဲ့တာပါ။ ဒီတစ်ပတ်မှာလည်း အင်တာကို ဆန်စီရိုကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဖေဖော်ဝါရီ ၁၇ ရက်၊ ကြာသပတေးနေ့၊ နံနက် ၂း၃ဝ နာရီမှာ ဖြစ်ပါတယ်။

နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က အင်တာမီလန်နဲ့ လီဗာပူးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဆန်စီရို ကို သွား ကစားရတဲ့ ပွဲဆိုတာ ဘယ်တုန်းကမှ မလွယ်ကူဖူးပါဘူး။ ဒါပေမယ့် လီဗာပူးက ဒီရာသီ အစောပိုင်းမှာ ဆန်စီရိုကွင်းမှာ အနိုင် ကစားထားတာက သူတို့ကို အထောက်အကူ ဖြစ်နိုင်ပါလိမ့်မယ်။

အင်တာမီလန်က ပြည်တွင်းမှာ ဘောလုံး ရာသီကောင်း တစ်ခု ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် အုပ်စု အဆင့်မှာတော့ ရီးရဲလ်ကို နှစ်ကျော့လုံး ရှုံးနိမ့်ထားပါတယ်။ အင်တာမီလန်က လီဗာပူးရဲ့ အဆင့်လောက်မှာတော့ ရှိမနေပါဘူး။

ဒီတော့ လီဗာပူးရဲ့ ရုန်းအားကို သူတို့ အတော် ထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီပွဲမှာ လီဗာပူး ၂-၀ နဲ့ နိုင်မယ် လို့ ကျနော် ထင်တယ်။ ” လို့ အိုဝင်က သုံးသပ် ထားပါတယ်။