လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲအဖြစ် လာမယ့် ၁၆ ရက်နေ့မှာ စီးရီးအေကလပ် အင်တာမီလန်နဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
လက်ရှိ စီးရီးအေရဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေတဲ့ အင်တာမီလန်ကို လီဗာပူးအသင်း နောက်ဆုံး ယှဉ်ပြိုင်ခဲ့တာက ကုန်ခဲ့တဲ့ ၁၄ နှစ် ဝန်းကျင်က ဖြစ်ပါတယ်။ ဥရောပရဲ့ အင်အားကြီး ကလပ်နှစ်သင်း ထိပ်တိုက်တွေ့မှုဖြစ်သလို ၁၆ သင်းအဆင့်ရဲ့ အကောင်းဆုံး အတွဲတွေထဲက တစ်တွဲလို့လည်း ယူဆခံထားရပါတယ်။
ပြိုင်ပွဲကျင်းပမယ့် ရက်စွဲ
ပထမအကျော့ကိုတော့ မြန်မာစံတော်ချိန်အားဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၂း၃၀ နာရီ ဆန်စီယိုမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
ဒုတိယအကျော့ကိုတော့ မြန်မာစံတော်ချိန်အားဖြင့် မတ်လ ၉ ရက်နေ့ နံနက် ၂း၃၀ နာရီ အန်ဖီးမှာ ယှဉ်ပြိုင်ကစားပါမယ်။
စည်းမျဉ်း အပြောင်းအလဲ
ယူအီးအက်ဖ်အေက ဒီရာသီကစလို့ အဝေးဂိုး စည်းမျဉ်းကို ပယ်ဖျက်ထားပါပြီ။ နှစ်ကျော့လုံးမှာ ကစားလို့ သရေရလဒ်ဆိုရင် အချိန်ပိုကစားပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူရပါမယ်။ ဒါကြောင့်လည်း ဒုတိယအကျော့ အိမ်ရှင်အသင်းက အသာစီးရတဲ့အသင်းအဖြစ် ဆက်ရှိနေဦးမှာပါ။
ပုံမှန်အချိန်မှာဆိုရင် လူစားလဲမှု ၅ ကြိမ်ထိ လုပ်ခွင့်ရမှာဖြစ်ကာ အချိန်ပိုမှာတော့ ၆ ကြိမ်မြောက် လူစားလဲမှုကို လုပ်ခွင့်ရပါမယ်။ မန်နေဂျာတွေဟာ ပွဲနေ့ လူစာရင်းအတွက် အရန်ခုံမှာ ကစားသမား ၁၂ ဦးထိ ထည့်သွင်းခွင့်ရှိမှာ ဖြစ်ပါတယ်။
လူစာရင်း အပြောင်းအလဲ
လီဗာပူးအသင်းဟာ နက်ဖီးလစ်နေရာမှာ လူးဝစ်ဒီယက်စ်ကို အစားထိုးထားပါတယ်။ အခြားသော ထူးခြားပြောင်းလဲမှု မရှိပါဘူး။
ပွဲပယ်
လီဗာပူးအသင်းမှာ ပွဲပယ်ကစားသမား မရှိပေမယ့်လို့ အင်တာမီလန် ကစားသမား ဘာရယ်လာဟာ အုပ်စုတွင်းပွဲမှာ တိုက်ရိုက် အနီကဒ် ပြသခံခဲ့ရတာကြောင့် ပထမအကျော့ပွဲကို လွဲမှာဖြစ်ပါတယ်။