လီဗာပူး နောက်ခံလူ ဗန်ဒိုက်ဟာ လက်ကျန် ဘောလုံးရာသီအတွက် အချိန်ကိုက်ပဲ အကောင်းဆုံးပုံစံ ပြန်ရနေပြီလို့ နည်းပြ ယာဂင်ကလော့ပ်က ဆိုပါတယ်။

ဗန်ဒိုက်ဟာ ဘန်လေကို ၁-၀ နဲ့ ခက်ခက်ခဲခဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်း အထင်ကြီးစရာ ခြေစွမ်းမှာ ရှိနေခဲ့တာဖြစ်ပြီး လီဗာပူးကို မန်စီးတီးနဲ့ ၉ မှတ်အကွာဖြစ်အောင် ကူညီပေးခဲ့ပါတယ်။ ဒီတစ်ပတ်မှာ လီဗာပူးတို့ အင်တာနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲဟာ ဆုဖလားတွေအတွက် စိန်ခေါ်မှုတွေ အရှိန်မြင့်လာတဲ့ အရိပ်အယောင်တစ်ခု ဖြစ်ပါတယ်။

ဘယ်ဘက်ဒူးအရွတ် ခွဲစိတ်မှုကနေ အောင်မြင်စွာ ပြန်ကောင်းလာကြောင်း သက်သေပြခဲ့တဲ့ ဗဟိုနောက်ခံလူဟာ ဒီလိုပြိုင်ပွဲတွေမှာ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြန်လည်ရရှိခဲ့ပြီလို့ ကလော့ပ်က ယုံကြည်နေတာပါ။

“ ဒါကို လှုပ်ရှားမှုအားလုံးနဲ့ အရာအားလုံးမှာ သေချာပေါက် မြင်နိုင်ပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ အမြဲတမ်း သိနေခဲ့တာပါ။ သူက လုံးဝ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီ။ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရနေပါပြီ။ ဒါက တကယ့် အချိန်ကိုက်ပဲလို့ ကျွန်တော် ပြောရမှာပါ။ အခုချိန်က ရာသီတစ်ခုရဲ့ အဆုံးအဖြတ် ဖြစ်စေနိုင်တဲ့ကာလပါ ” လို့ ကလော့ပ်က ဆိုပါတယ်။

ဗန်ဒိုက်ရဲ့ အသင်းဖော် နောက်ခံလူ ရော်ဘတ်ဆန်ကလည်း ကစားသမားတွေဟာ ချန်ပီယံလိဂ်ပြန်စဖို့ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ရတာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ အုပ်စု ၆ ပွဲလုံး အနိုင်ရတဲ့ ပထမဆုံး အင်္ဂလန်အသင်းအနေနဲ့ နောက်တဆင့် တက်လာခဲ့တဲ့ လီဗာပူးဟာ နောက်ဆုံးပွဲမှာ အေစီမီလန်ကို အနိုင်ရခဲ့ပြီး ၂ လအကြာ အခု ဆန်စီရိုကို ပြန်သွားရဦးမှာ ဖြစ်ပါတယ်။

ဒီကာလအတောအတွင်း လီဗာပူးဟာ ၁၄ ပွဲမှာ ၁၀ ပွဲအနိုင်ရခဲ့ပြီး ဒီဇင်ဘာနှောင်းပိုင်းတုန်းက တစ်ပွဲသာ ရှုံးနိမ့်ခဲ့သာ နောက်ဆုံး ၆ ပွဲဆက် အနိုင်ရရှိထားပါတယ်။

“အုပ်စုအဆင့်ကနေ ၁၆ သင်းအဆင့်က ချန်ပီယံလိဂ်မှာ အကြာဆုံး စောင့်ရတာပဲ။ မဲခွဲပြီးတာနဲ့ ရှုံးထွက်အဆင့်အတွက် ရင်ခုန်နေရပြီ။ ရှေ့မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုအတွက် မျှော်လင့်နေကြရတာပါ။ ဒါက မယုံနိုင်စရာကောင်းအောင် ခက်ခဲပါလိမ့်မယ်။

အင်တာက စီးရီးအေမှာ ထိပ်ဆုံးကနေ တိုက်ပွဲဝင်နေပြီး ကျွန်တော်တို့ကလဲ အဖက်ဖက်မှာ ရှေ့ဆုံးကနေ တွန်းအားပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ အရင်ဆုံး ခက်ခဲတဲ့ အဝေးကွင်းပွဲ ကစားရမယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံမှာ ရှိနေဖို့လိုပြီး နောက်ဆုံး ၆ပတ်၊ ၈ပတ်အတွင်း လုပ်ခဲ့တဲ့ အရာတွေကို ဆက်ထိန်းသိမ်းနိုင်ဖို့ လိုတယ်။

စွမ်းရည်ကောင်းတွေကို ထိန်းသိမ်းနိုင်ရင် ရလဒ်ကောင်းတစ်ခု ရနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဂန္တဝင်ကွင်း၊ အံ့ဩစရာကွင်းတစ်ကွင်းမှာ ပရိသတ်တွေရဲ့ မယုံနိုင်ဖွယ် အားပေးမှုကိုလည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ အဝေးကွင်းပရိသတ်တွေကိုလဲ ခေါ်လာမှာပါ”လို့ ရော်ဘတ်ဆန်က ဆိုခဲ့ပါတယ်။