လီဗာပူးဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အင်တာမီလန်ဘက်ကို၂-၀ နဲ့ အနိုင်ရခဲ့ပေမယ့် ဦးဆောင်ဂိုးသွင်းဖို့ ရုန်းကန်ခဲ့ရသလို ဒီရုန်းကန်ရမှုကို ရှင်ဆိုင်ဖြေရှင်းလိုတဲ့ စရိုက်ကောင်းအတွက် ယူနိုက်တက် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က ချီးကျူးခဲ့ပါတယ်။
လီဗာပူးဟာ အင်တာမီလန်ရဲ့ အိမ်ကွင်းမှာ ဒုတိယပိုင်းမိနစ် ၇၀ ကျော်မှ ၈ မိနစ်အတွင်း ဂိုး ၂ဂိုး သွင်းယူခဲ့ပြီး အီတလီချန်ပီယံတွေကို အနိုင်ယူခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ စိန့်ပီတာစဘတ်မှာ ဥရောပဖလား ကိုင်မြှောက်ရေး စိန်ခေါ်သူတွေထဲက တစ်သင်းဆိုတာကို သက်သေပြခဲ့ပါတယ်။
ဖာဒီနန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့်တွေအနေနဲ့ အရေးပါတဲ့ အခိုက်အတန့်တွေမှာ ဘောလုံးထိန်းသိမ်းနိုင်စွမ်း မရှိခြင်းအပေါ် ဝေဖန်ထားခဲ့သလို အခက်အခဲကို ရင်ဆိုင်ရချိန်မှာ ကျော်လွှားပြလိုစိတ်ရှိတဲ့ လီဗာပူးရဲ့ စရိုက်ကောင်းကို ချီးကျူးခဲ့တယ်။ မီလန်မှာ လီဗာပူး ပြသခဲ့တဲ့ ခြေစွမ်းဟာ သူတို့နှစ်သင်းကြားက ကွာခြားချက်ကို ထင်ရှားစေခဲ့တာ ဖြစ်ပါတယ်။
“ ဒါက စွမ်းဆောင်ရည်နဲ့ မဆိုင်ပါဘူး။ ဘယ်သူကမှ ပွဲတိုင်းမှာတော့ ၁၀၀ ရာခိုင်နှုန်းအပြည့် ခြေစွမ်းမပြနိုင်ပါဘူး။ ဒါပေမယ့် ပွဲတွေမှာ မင်း ရုန်းကန်ရတဲ့၊ ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိမယ်။ အဲ့ဒီ့အခိုက်အတန့်တွေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာက အဓိကပဲ။ အဲ့တာက အကျင့်စရိုက်ကောင်းပါ။ လီဗာပူးကစားသမားတွေမှာက အဲ့ဒီ့အရည်အသွေး ရှိပါတယ်”လို့ ဖာဒီနန်က ဆိုပါတယ်။
လီဗာပူးရဲ့ အရည်အသွေးအပေါ် သူ့ရဲ့ မှတ်ချက်စကားတွေဟာ ဘရိုက်တန်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင် ယူနိုက်တက်ရဲ့ ခြေစွမ်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့အပေါ် ပြန်အမှတ်ရစေခဲ့ပါတယ်။
“ ပွဲတိုင်းမှာ မင်းအနေနဲ့ ပြိုင်ဘက်ရဲ့ ဖိအားပေး ထိန်းချုပ်တာခံရတဲ့ ၅မိနစ်လောက် အချိန်ဆိုတာ အနည်းဆုံးရှိပါတယ်။ အဲ့ဒီ့လိုအခါမျိုးမှာ ဘောလုံးကိုင်ပြီး သူတို့ရဲ့ တားဆီးမှုကို ကျော်ဖြတ်ဖို့ လိုပါတယ်။ အဲ့တာက ကစားပွဲစည်းကမ်းရဲ့ အဓိက အစိတ်အပိုင်းပါပဲ။ တခြားထိပ်တန်းအသင်းတွေနဲ့ယှဉ်ရင် ယူနိုက်တက်မှာ ကင်းမဲ့နေတဲ့ အရည်အသွေးက အဲ့ဒါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။
လီဗာပူးအသင်းသားတွေဟာ စိတ်ဓါတ်ပိုင်း မာကျောသူတွေဖြစ်ပြီး ဒါဟာ ယာဂင်ကလော့ပ် လက်ထက် မာဆေးဆိုဒ်ကလပ်ရဲ့ ထူးချွန် အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ အင်တာမီလန်ပွဲမှာ ရုန်းကန်ရမှုတွေ ရှိခဲ့ပေမယ့် နိုင်ပွဲအတွက် ကြံ့ခိုင်တဲ့ စိတ်ဓါတ်ဖြင့် အသင်းလိုက် ဟန်ချက်ညီညီ ကြိုးစားမှုကပဲ ပွဲအပြီးမှာ ချိုမြိန်တဲ့ နိုင်ပွဲကို ရရှိစေခဲ့တာပဲ ဖြစ်ပါတယ်။