လီဗာပူးဟာ မီလန်မှာ ဂိုးမရှိ သရေရလဒ်နဲ့အတူ အန်ဖီးကို ပြန်လာရတော့မယ်လို့ ထင်ခဲ့ကြပေမယ့် အဲ့ဒီ့ထင်ကြေးတွေကို ပွဲချိန်နှောင်းပိုင်းမှာ ဖာမင်နိုက ဖျက်ဆီးပစ်ခဲ့ပါတယ်။

၇၅ မိနစ်မှာ ဘရာဇီးသားဟာ ရောဘတ်ဆန်ရဲ့ ထောင့်ကန်ဘောကို သိပ်ကောင်းတဲ့ ခေါင်းတိုက် အဆုံးသတ်မှုဖြင့် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တယ်။ နောက်ထပ် ၈ မိနစ်အတွင်းမှ ဆာလာက ဧရိယာထဲမှာ အကောင်းဆုံး ကန်သွင်းအဆုံသတ်မှုဖြင့် ဒုတိယမြောက် အနိုင်ဂိုးတစ်ဂိုး ရယူပေးခဲ့တာ ဖြစ်ပါတယ်။

အင်ဇာဂီက ” လီဗာပူးလိုအသင်းက ထူးရှယ်အသင်း တစ်သင်းပါပဲ။ ကစားကြပြီဆိုရင် ကျနော်တို့က သူတို့ကို ယှဉ်နိုင်ပြီလို့ အတွေးရောက်လာစေတယ်၊ ဂိုးလည်း တစ်ဂိုးလောက် သွင်းနိုင်မယ် ဆိုတာမျိုးပေါ့။ ပြီးရင်တော့ သူတို့က ဒုက္ခပေးသွားတော့တာပဲ ” ဆိုပြီး လီဗာပူးနဲ့ ထိပ်တိုက်တွေမှုကို မှတ်ချက်ပေးထားခဲ့သေးတာပါ။

လီဗာပူးဟာ အသင်းရဲ့ ဂိုးလှိုင်လှိုင်သွင်းတဲ့ တိုက်စစ်ကြောင့် မကြာခဏ ချီးကျူးခံခဲ့ရပေမယ့် မီလန်မှာတော့ ခံစစ်ကြောင်းက အဓိက ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။ မန်စီးတီး တိုက်စစ်မှူးဟောင်း ဒီဇီကိုဟာ ပထမပိုင်းမှာ အင်တာအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်လုနီးပါးဖြစ်ခဲ့ပြီး ဗန်ဒိုက်ရဲ့ အရေးပါတဲ့ ဖျက်ထုတ်မှုသာ မရှိရင် သေချာပေါက် ဂိုးရသွားနိုင်ပါတယ်။

ပထမပိုင်းမှာ အိုင်ဗန်ပရီဆစ်ရဲ့ တောင်ပံကနေ ချိုးဝင်လာပြီး ကန်ချက်ကလည်း စိုးရိမ်စရာဖြစ်ခဲ့ကာ ဘားတန်းထိ ထွက်ခဲ့တာဖြစ်တယ်။ ဒုတိယပိုင်းမှာ မာတီနက်ဇ်က အကောင်းဆုံး ကောင်တာတိုက်စစ်ဆင်ခွင့် ရခဲ့ပေမယ့် ဗန်ဒိုက်ရဲ့ ပါးနပ်မှုက သူ့လမ်းကြောင်းတွေကို လွဲချော်စေခဲ့တာပါ။

ပွဲအပြီးမှာ အင်တာမီလန်နည်းပြ အင်ဇာဂီက ” လီဗာပူးနဲ့ အမြဲတမ်း ထိပ်တိုက်မတွေ့ဖို့ မျှော်လင့်ရမှာပါပဲ။ အသင်းသားတွေကိုတော့ ဂုဏ်ပြုပါတယ်။ သူတို့က သိပ်ကောင်းတဲ့ ပွဲကောင်းတစ်ပွဲကို ကစားခဲ့ကြတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက ဥရောပရဲ့ အတောင့်တင်းဆုံး ထိပ်ဆုံး ၂ သင်းထဲမှာ ပါဝင်တယ်လို့ ထင်ပါတယ်။ ကျနော်ရဲ့ အင်တာမီလန်က လီဗာပူးကို သေချာ ထိန်းထားနိုင်ခဲ့ပြီး ဒီရလဒ်ထက် ပိုပြီး ထိုက်တန်ခဲ့ပါတယ်။ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

အင်ဇာဂီ ပြောခဲ့သလိုပါပဲ လီဗာပူးက ပြိုင်ဘက်အသင်းကို မျှော်လင့်ချက်တွေ ပေးပေမယ့် နောက်ဆုံးမှာတော့ အနိုင်ရတဲ့အသင်းဖြစ်မြဲ ဖြစ်ခဲ့ပြီး ဒီရာသီမှာတော့ ချန်ပီယံလိဂ်ပွဲစဉ် ၇ ပွဲလုံးကို အနိုင်ယူထားခဲ့ပြီ ဖြစ်ပါတယ်။