လီဗာပူးအသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ နီးစပ်ခဲ့တဲ့ အင်တာမီလန်ကို အနိုင်ရမှုအပြီးမှာ နောက်ခံလူ အန်ဒီ ရော်ဘတ်ဆန်က နည်းပြ ယာဂင်ကလော့ပ်ရဲ့ အဓိက အပြောင်းအလဲ တစ်ခုကို ထောက်ပြခဲ့ပါတယ်။

လူစားဝင် ကစားသမား ဖာမင်နိုက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဆာလာက ဒုတိယ အနိုင်ဂိုး သွင်းယူခဲ့တဲ့နောက် လီဗာပူးဟာ အန်ဖီးမှာ ကစားရမယ့် ဒုတိယအကျော့အတွက် ၂ ဂိုးအသာစီး ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဝေးဂိုးစည်းမျဉ်း မရှိတော့တာကြောင့် ရော်ဘတ်ဆန်နဲ့ သူ့အသင်းဖော်တွေဟာ အန်ဖီးကွင်းမှာ အေးအေးဆေးဆေး နေလို့ရမှာတော့ မဟုတ်ပါဘူး။

လိုအပ်တဲ့နိုင်ပွဲ ရရှိခဲ့ပြီးနောက် ဒီပွဲကို ခြားနားစေခဲ့တဲ့ အပြောင်းအလဲတစ်ခုကို ဘယ်အစွန်လူက ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

“ လူစားလဲမှုတွေက ဒီညမှာ ကြီးမားတဲ့ ကွာခြားမှု ဖြစ်စေခဲ့တယ်လို့ ထင်ပါတယ်။ ဖာမင်နို ဝင်လာတဲ့အချိန်မှာ သူ အရမ်းကောင်းခဲ့ပါတယ်။ ဟန်ဒိုကလည်း မယုံနိုင်စရာ ကောင်းခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်အတွက် စကားလုံးနဲ့ ဖော်ပြလို့တောင် မရပါဘူး။ ဘာလို့လဲဆိုတော့ သူ ဝင်လာတဲ့အချိန်မှာ ကျွန်တော်တို့က ဖိအားပေးခံထားရပြီး သူနဲ့ နာဘီတို့က ကြီးမားတဲ့ ကွာဟမှုကို ပြုလုပ်ပေးခဲ့တယ်။ လူးဝစ်လည်း အတူတူပါပဲ”လို့ ပြောဆိုခဲ့တာပါ။

မယုံနိုင်စရာကောင်းတဲ့ ဘောလုံးသမားတစ်ယောက်အဖြစ် ဘယ်အစွန်လူ ချီးကျူးခဲ့တဲ့ ဖာမင်နိုအတွက် အပြင် ဟန်ဒါဆန်ရဲ့ လွှမ်းမိုးမှုက ထင်ရှားခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ ဒဏ်ရာကြောင့် ခြေစွမ်းမပြနိုင်တာနဲ့အတူ ဘန်လေနဲ့ပွဲမှာ စောစောစီးစီး လူစားလဲခံခဲ့ရပေမယ့် ချန်ပီယံလိဂ်မှာတော့ အရေးပါတဲ့ လူစားဝင်ကစားသမားအဖြစ် ပြန်လာခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ လူစားလဲမှု ၃ခု တစ်ပြိုင်နက် လုပ်ခဲ့တယ်။ ဒါက တကယ့်အဓိကအချက်ပဲ။ အဲ့ဒါက ပွဲကို ပြောင်းလဲပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပွဲထဲမှာ စတင်ပြီး ခြေကုပ်ရယူခဲ့တယ်။ ဒီနေရာမှာ ဟန်ဒိုကို ချီးကျူးရမယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ဘောလုံးကို ထိန်းချုပ်ခဲ့ပြီး ပွဲကို အလယ်ကနေ ပဲ့ကိုင်ပေးခဲ့တာပါ။ ဒါက ဘယ်တော့မှ လွယ်ကူတဲ့ အရာမဟုတ်ခဲ့ဘူး။ ဒီညမှာ သူက အံ့ဩချီးကျူးစရာ ကောင်းခဲ့တယ်လို့ ထင်ပါတယ်”လို့ ရော်ဘတ်ဆန်က ပြောဆိုခဲ့တာပါ။

ပထမပိုင်းမှာ ကယ်ဟာနိုဂလူရဲ့ ကန်ချက်က ဘားတန်းကို ထိခဲ့ပေမယ့် အင်တာဟာ မိနစ် ၉၀ အတွင်း ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ်မှ မလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာကလည်း ခြေစွမ်းကောင်းခဲ့တယ်လို့ ရော်ဘတ်ဆန်က ဝန်ခံခဲ့ပြီး အကောင်းဆုံး အခြေအနေမှာ မရှိတာတောင် ရလဒ်ကောင်းရခဲ့တဲ့ အရေးပါမှုကို အလေးပေး ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော်တို့ဟာ ဘောလုံးကိုင်ထားချိန်မှာ အနည်းငယ် ပေါ့လျော့နေခဲ့တယ်။ နောက်ဆုံးပေးပို့မှုတွေမှာ ကျွန်တော်တို့ အများကြီး ပိုကောင်းအောင် လုပ်နိုင်စရာရှိခဲ့တာပါ။ ဒါပေမယ့် ဒီလိုပွဲတွေကို အနိုင်ရတာက အရမ်းအရေးကြီးပါတယ်။

ဒီညမှာ ကျွန်တော်တို့က ၁၀၀ ရာခိုင်နှုန်း ပုံစံကောင်းမှာရှိမနေခဲ့ဘူး။ ဒါပေမယ့် အဲ့လိုအနေအထားမှာတောင် ပွဲကို အနိုင်ရဖို့ လုံလောက်အောင် လုပ်ဖို့ လိုပါတယ်။ အမြဲတမ်း ကျွန်တော်တို့ အဲ့ဒီ့လို လုပ်ခဲ့တယ် ထင်ပါတယ် ” လို့ ၎င်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။