လီဗာပူးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ တန်းတက် နောဝစ်ချ်နဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် ဖေဖော်ဝါရီ ၁၉ ရက်၊ စနေနေ့၊ ည ၉း၃ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဒီတပတ် ပွဲစဉ် မတိုင်ခင်မှာ လီဗာပူးအသင်းဟာ ဇယားထိပ်က မန်စီးတီးထက် တစ်ပွဲလျော့ ကစား၊ ၉ မှတ် အကွာမှာ ရှိနေပြီး အမှတ်ပြည့်ယူ ဆက်လက် ဖိအားပေးနိုင်ဖို့ လိုအပ်နေပါတယ်။ နောဝစ်ချ်အသင်းကလည်း ပြီးခဲတဲ့ ပွဲမှာ မန်စီးတီးနဲ့ တွေ့ပြီး ၄-ဝ နဲ့ ရှုံးနိမ့်ထားခဲ့တာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးက ဒီတပတ် လီဗာပူးနဲ့ နောဝစ်ချ်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မျှော်လင့်ထားခဲ့သလိုပဲ နောဝစ်ချ်ရဲ့ နည်းနည်းကောင်းလာတဲ့ ပုံစံကောင်းတွေကို မန်စီးတီးက ပြီးခဲတဲ့ အပတ်မှာ အဆုံးသတ် ပေးလိုက်ပါတယ်။ အခု သူတို့ အန်းဖီးကို သွားပြီး ရင်ဆိုင်ရဦးမယ်။ ဒီပွဲကလည်း သူတို့ အတွက် နောက်ထပ် ခက်ခဲတဲ့ နေ့တစ်ရက် ဖြစ်ဦးမှာ သိသာနေပါတယ်။

လီဗာပူးကတော့ ရပ်တန့်ဖို့ ခက်ခဲမှာပါ။ ဒီပွဲမှာ ဒီယေဂို ဂျိုတာ ပြီးခဲ့တဲ့ အင်တာနဲ့ ပွဲက ခြေကျင်းဝတ် ဒဏ်ရာ ရသွားလို့ မပါနိုင်ရင်တောင် သူတို့ တိုက်စစ်မှာ ဖာမီနို ပြန် ပါလာနိုင်ပြီ။

ဂျိုတာက လွဲရင် ကျန်တဲ့ လီဗာပူး အသင်းသားတွေ အကုန်ကလည်း ကြံ့ခိုင်မှု အပြည့်နဲ့ ရှိနေတာပါ။ ယာဂင်ကလော့ပ် ရဲ့ အသင်းက လောလောဆယ် အနေအထားကောင်းတွေ ပိုင်ဆိုင်ထားတယ်။ သူ့အသင်းကို အလှည့်ကျ ပွဲထုတ် ကစားရင်တောင် ဒီပွဲကတော့ သက်တောင့်သက်သာ အနိုင်ရလောက်ပါတယ်။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၃-ဝ နောဝစ်ချ် ဖြစ်ပါတယ်။