ကြားရက် ချန်ပီယံလိဂ်မှာ အင်တာကို အဝေးကွင်း နိုင်ပွဲရထားတဲ့ လီဗာပူးအသင်းဟာ ဒီစနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲ အဖြစ် နောဝစ်ချ်နဲ့ ယှဉ်ပြိုင် ကစားရတော့မှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် ဖေဖော်ဝါရီ ၁၉ ရက်၊ စနေနေ့၊ ည ၉း၃ဝ နာရီ၊ အန်းဖီးကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။

နာမည်ကျော် သုံးသပ်သူ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ လီဗာပူးနဲ့ နောဝစ်ချ်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန် က – ” လီဗာပူးကတော့ လောလောဆယ် ဘယ်အသင်းလာလာ အညှာတာ မရှိ တွယ်နေတော့တာပဲ။ ဒီပွဲမှာလည်း သူတို့ နိုင်ပွဲ ထပ်ယူပြီး မန်ချက်စတာ စီးတီး အပေါ် ဖိအားတွေ တွန်းတင်ပါလိမ့်မယ်။

လောလောဆယ်မှာ လီဗာပူးက လူအင်အား တောင့်တင်းနေပြီး လိုအပ်ရင် ကစားသမားတွေ လဲစရာ ကလည်း အပြည့် ရှိနေပါတယ်။ ဒီလို လုပ်ဖို့ အဓိက ကစားသမားတွေ ကလည်း ကြံ့ခိုင်မှု အပြည့် ရှိနေတာပါ။

လီဗာပူး အကောင်းဆုံး ကိစ္စကတော့ ဘယ်သူ ဝင်လာလာ ကစား၊ ကစား အသင်းက ကောင်းကောင်း ဆက် လုပ်နိုင်နေတာပါ။ ဒါဟာ ထရိန်နင်မှာ လေ့ကျင့်ရေး ပြည့်ဝ ကောင်းမွန်နေတာကို ပြတာပါပဲ။

ဒီပွဲမှာလည်း သူတို့ တိုက်စစ်ကုန် ဖွင့် ကစားပါလိမ့်ဦးမယ်။ နောဝစ်ချ်ကို နိုင်လိုက်ရင် ဇယားထိပ်က စီးတီးနဲ့ အမှတ်ကွာဟချက်ကို ၆ မှတ်ထိ လျှော့ချနိုင်မှာပါ။ သူတို့ တိုက်စစ်အင်အားတွေ ကို ကြည့်ရင် ယာဂင်ကလော့ပ်က ဆာလာ၊ ဒီယေဂို ဂျိုတာနဲ့ ဆာဒီယို မာနေးတို့ ၃ ယောက်တွဲကို ပိုကြိုက်နေပုံ ရတယ်။

ဖာမီနိုက လီဗာပူး တိုက်စစ်ကို တွဲဆက်ပေးနိုင်သူပါ။ ဒါပေမယ့် ဂျိုတာကလည်း လီဗာပူး ရောက်တည်းက စလို့ အခွင့်ရတိုင်း မယုံနိုင်စရာ အစွမ်းပြနေတာပါ၊ ဒါကြောင့်လည်း ဘရာဇီးသား ရှေ့၊ ထည့်စဉ်းစားစရာ ဖြစ်လာနေပြီ လို့ ကျနော် မြင်တယ်။ ” လို့ သုံးသပ် ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၃-ဝ နောဝစ်ချ် စီးတီးပဲ ဖြစ်ပါတယ်။