အနိုင် ဂိုး ၂ ဂိုးနဲ့အတူ အန်ဖီးကို ပြန်လာတဲ့ လီဗာပူးဟာ ကွာတားဖိုင်နယ် တက်ရောက်ဖို့ ရေပန်းစားနေပေမယ့် ယာဂင်ကလော့ပ်ကတော့ မုန့်ဆီကြော် ဘယ်နေမှန်း မသိချိန်မှာ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဆိုတာကို ကြိုတင် စဉ်းစားမနေချင်သေးတာ ဖြစ်ပါတယ်။

အင်တာဘက်က အန်ဖီးကွင်းမှာ ထပ်လုပ်ပြမယ်လို့ ကြွေးကြော်နေသလို အဲ့တာက တကယ်ဖြစ်နိုင်နေဆဲလို့ ကလော့ပ်က သတိပေးပါတယ်။ ပထမအကျော့ဆိုတာဟာ ၄၅ မိနစ် ပြီးခဲ့တာတင် ဖြစ်ပြီး ဒုတိယအကျော့ ရှိနေသေးကြောင့် လီဗာပူးမန်နေဂျာက အသင်းဝဘ်ဆိုဒ်ကနေ သတိပေးခဲ့ပါတယ်။

“ အခြေအနေက စိတ်မချရသေးပါဘူး။ ခုမှ ပွဲချိန်တဝက်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ လမ်းတဝက်ကို ရောက်နေပြီလို့ မခံစားရဘူး။ အဲ့ဒီ့အတွက် အဆင်သင့် ပြင်ထားဖို့ လိုပါတယ်။ အင်တာက တကယ်ကို ကောင်းပါတယ်။ ၂-၀ နဲ့ အနိုင်ရလဒ်က မဆိုးလှပေမယ့် ‘အလုပ်ပြီးသွားပြီး၊ အေးဆေးနားကြတော့’ လို့ ကျွန်တော်မပြောနိုင်ဘူး။

ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းခုခံခဲ့ပါတယ်။ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှုနဲ့ ခုခံကာကွယ်ဖို့ လိုတယ်။ အင်တာဆီက တကယ်ကို အားကောင်းတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ပေမယ့် ကောင်းကောင်းမခုခံခဲ့ရင် ရူးသွားလိမ့်မယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ တကယ်ကောင်းကောင်းလုပ်ချင်ပါတယ်။

ဆန်စီယိုက လာကစားရ ခက်ခဲတဲ့ နေရာတစ်ခုပါ။ သူတို့က သိပ်ကိ ယုံကြည်မှုရှိတဲ့ ပြိုင်ဘက်ပါပဲ။ တကယ်ကို ပါးနပ်တဲ့ ဘောလုံးတွေနဲ့ ကစားခဲ့ပြီး ခံစစ်ကို ကောင်းကောင်းပြင်ဆင်ခဲ့တယ်။

အစပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းလုပ်ခဲ့ပါတယ်။ ပြိုင်ဘက်တွေက တော်တယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ ဒုတိယအကျော့အတွက် ကျွန်တော်တို့ အဆင်သင့် ဖြစ်နေဖို့လိုတယ်”လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲကို ရရှိထားတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ပါတယ်။ ဒါ့အပြင် အခုဆိုရင် ပြိုင်ပွဲစုံ ၇ ပွဲဆက် အနိုင်ရရှိထားပြီ ဖြစ်ပါတယ်။