လီဗာပူးကစားသမားဟောင်းကြီး ဖီးတွမ်ဆန်က လီဗာပူးဟာ ထူးချွန်တဲ့ အသင်းဖြစ်ပေမယ့် မန်စီးတီးကို အမီလိုက်ရေးကတော့ ခက်ခဲနိုင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီရာသီမှာ အမှတ်ပေးပွဲ ၂၅ ပွဲအတွင်း ပွဲ ၂၀ အထိ အနိုင်ရထားတာပါ။ လီဗာပူးအသင်းကတော့ ၂၄ ပွဲမှာ ၁၆ ပွဲပဲ အနိုင်ရထားကာ ၆ ပွဲထိကို သရေကျထားခဲ့တာဖြစ်တယ်။ ဒီရာသီမှာ အနိုင်ရလဒ်ကို မထိန်းထားနိုင်ခြင်းက လီဗာပူးအသင်းကို ရမှတ်တွေ ဆုံးရှုံးနေစေခဲ့တယ်။

တွမ်မဆန်ကပဲ မန်စီးတီးရဲ့ ရလဒ်အတွက် တည်ငြိမ်မှုဟာ အမြင့်ဆုံး အနေအထားမှာ ရှိကြောင်းနဲ့ သူ့အသင်းကလည်း ရာသီကုန် ပွဲစဉ်တိုင်းကို အနိုင်ရနိုင်ပေမယ့် မန်စီးတီးလို ရမှတ် ယူနိုင်စွမ်းမှာ လိုအပ်ချက် ရှိတယ်လို့ ဆိုခဲ့တယ်။

“ ဘောလုံးပွဲတိုင်းကို မန်စီးတီးက အနိုင်ရနိုင်ပါတယ်။ သူတို့က အဲ့လောက်ကို ကောင်းပါတယ်။ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေ ကြံ့ခိုင်နေမယ်ဆိုရင် သူတို့က ပွဲတိုင်းကို အနိုင်ရနိုင်ပါတယ်။

ကျနော်ရဲ့ လီဗာပူးကလည်း အသင်းကောင်းပါပဲ။ ကျနေ်ာတို့လည်း ပွဲတိုင်းကို အနိုင်ရနိုင်ပါတယ် ဒါပေမယ့် အဲ့လို လုပ်နိုင်ဖို့ နည်းနည်း သံသယဝင်စရာမျိုးတွေ ရှိပါတယ်။

မန်စီးတီးက ခပ်လွယ်လွယ်ပဲ အနိုင်ရသွားမှာပဲလို့ ပြောလို့ရပေမယ့် လီဗာပူးကကျ အဲ့လို ပြောနိုင်ဖို့ နည်းနည်းလေး ကွာခြားပါတယ်။ မန်စီးတီးလို ပွဲတိုင်းကို မနိုင်ဘဲ ခြေချော်မှု နည်းနည်းဖြစ်နိုင်တယ်လို့ ခံစားရတယ်။

ဒီအခြေအနေမှာ မန်စီးတီးအသင်းက အကောင်းဆုံး လုပ်နေပြီး အသင်းလိုက်အပြင် တစ်ဦးချင်းမှာ ပုံစံကောင်းရနေတာဖြစ်ပါတယ် ” လို့ သူ့ရဲ့ အမြင်ကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကော လီဗာပူးအသင်းပါ ဒီရာသီမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေကို ဗိုလ်စွဲဖို့ ရေပန်းစားနေတာပါ။ လီဗာပူးအသင်းက ဆုဖလားပြိုင်ပွဲ ၄ ခုလုံးမှာ ဆက်ရှိနေပေမယ့် မကြာခင်မှာတော့ ဦးစားပေးဖလားကို ရွေးချယ်စရာ ကြုံလာရနိုင်တယ်လို့ သုံးသပ်ထားကြတယ်။

လီဗာပူးအသင်းသားတွေကတော့ အကောင်းဆုံး ရာသီတစ်ခုကို ပိုင်ဆိုင်ရေး ကြိုးစားမယ်လို့ ထုတ်ပြောထားကြကာ ချန်ပီယံလိဂ်ကို အနည်းငယ် ပိုဦးစားပေးလိုတဲ့ သဘောကို ရိုဘိုက ထုတ်ပြောထားသေးတာ ဖြစ်ပါတယ်။