ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက လီဗာပူးရဲ့ လက်ရှိ စွမ်းဆောင်ရည်တွေမှာ အရန်ကစားသမားတွေကို နေရာပေးမှုကလည်း အရေးပါနေပေမယ့် အချိန်မရွေး အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒီစကားတွေကို ကာရာဘောင်းပွဲအပြီးမှာ ပြောဆိုခဲ့တာဖြစ်ကာ လက်ရှိ ပုံစံကောင်း ရနေပေမယ့် အရန်ကစားသမားတွေကို နည်းပြဖြစ်သူက မစည်းရုံးနိုင်ရင် ဒီပုံစံကောင်းတွေက ချက်ခြင်းဆိုသလို ကျဆင်းသွားနိုင်တယ်လို့ သူက ပြောပါတယ်။

ရွိုင်ကိန်းက ” သူတို့ အားလုံးကြည့်ရတာ အတူတကွနဲ့ ယှဉ်ပြိုင်နေကြတယ်။ အဲ့လို ယှဉ်ပြိုင်နေသ၍ ဆုဖလား အနိုင်ရမယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ကာရာဘောင်း ဗိုလ်လုပွဲက သူတို့ လူစာရင်းကို ကြည့်မယ်ဆိုရင် ပုံမှန်ပွဲကစားခွင့် မရတဲ့သူတွေ၊ မန်နေဂျာနဲ့ ဝန်ထမ်းတွေက အရမ်းပျော်နေတာကို မြင်ရလိမ့်မယ်။

သူတို့အစုအဖွဲ့က ပုံစံကောင်းတွေ ရနေတယ်ဆိုပေမယ့် ဘောလုံးမှာက ကိစ္စတွေဟာ ခပ်မြန်မြန် ပြောင်းလဲသွားနိုင်တယ်။ လေ့ကျင့်ရေးကွင်းမှာ ကျယ်လောင်တဲ့ အသံကောင်းတွေ ရှိရမယ်။ အန်ဖီးမှာ ပွဲကြည့်စင်သစ် ဆောက်နေတယ်။ လီဗာပူးမှာ အကောင်းမြင်စရာ ကိစ္စတွေက အများကြီးပါ။ ဒါပေမယ့် အားလုံးက ခပ်မြန်မြန်လေး ပြောင်းလဲသွားနိုင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

သူပြောတဲ့ ပုံမှန်ကစားခွင့် မရသူတွေဆိုတာ ကလယ်ဟာလို ကစားသမားမျိုးကို ဆိုလိုကြောင်းလည်း ရွိုင်ကိန်းက ဆက်ပြောခဲ့တယ်။ ပွဲကောင်းတွေမှာ ဒီလို အရန်ကစားသမားတွေကို နေရာပေးမှာ မဟုတ်ခြင်းကြောင့် သူတို့ ပျော်အောင် လုပ်ပေးရတာက နည်းပြတွေအတွက် ခက်ခဲတဲ့ ကိစ္စလို့ ကိန်းက ဆိုပါသေးတယ်။

ရွိုင်ကိန်းကပဲ ” ၁၀၀ရ သေချာတာပေါ့။ ကလယ်ဟာလို ကစားသမားမျိုးကို ပုံမှန်ပွဲကစားခွင့် မရတဲ့သူလို့ ခေါ်နိုင်ပါတယ်။ သူက လီဗာပူးပွဲတွေရဲ့ ၁၀% လောက်ကိုတော့ ကစားခွင့်ရမှာပါ။ တကယ်ပွဲတွေမှာ သူတို့ကို ကျော်ပြီး အခြား ကစားသမားတွေက ပွဲထွက်ခွင့် ရလာမှာပါ။

ကလယ်ဟာက သိပ်ကောင်းကောင်း လုပ်ပြခဲ့ပြီး clean sheet ရပေမယ့်လို့ သူ့နေရာမှာ အခြားတစ်ယောက် ဝင်လာမှာပါ။ သူတို့လို ကစားသမားတွေက ပွဲကစားရဖို့ဆိုရင် ကံကောင်းဖို့လည်း လိုပါတယ်။

ကလော့ပ်လို မန်နေဂျာက ဆုဖလား နှစ်လုံး၊ သုံးလုံး အနိုင်ရဖို့ အကြောင်း ပြောနေရတာကို စိတ်ပျက်ပါလိမ့်မယ်။ နောက်ပွဲတိုင်းက ပိုခက်ခဲတဲ့ ပွဲတွေပါ။ ကစားသမားတွေနဲ့ ဆွေးနွေး စကားပြောရတာကလည်း ပိုခက်ခဲလာပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကြားရက်တုန်းက အက်ဖ်အေပွဲကို အရန်ကစားသမား အများအပြားနဲ့ အနိုင်ယူခဲ့တာကြောင့် ဒီအပတ် ဝက်ဟမ်ပွဲမှာ စီနီယာကစားသမားတွေကို ပြန်ပြီး နေရာပေးမယ်လို့ ယုံကြည်ရတာဖြစ်ပါတယ်။