အက်ဖ်အေပွဲမှာ နောဝစ်ချ်ကို ၂-၁ နဲ့ နိုင်တဲ့ ပွဲအပြီး အန်ဖီးမှာ သက်တမ်းတိုးမလားဆိုတဲ့ အမေးကို တကယ်ကို မသိသေးပါဘူးလို့ ကလော့ပ်က ပြန်ဖြေခဲ့ပါတယ်။
ကလော့ပ်ဟာ စာချုပ်ကုန်ချိန်မှာလည်း အသင်းမှာပဲ ဆက်ရှိနေလိုတယ်လို့ ပရိသတ်တွေက ယူဆမှုတွေ ရှိခဲ့ကြတယ်။ ဝက်ဟမ်းပွဲကြို မီဒီယာတွေ့ဆုံမှုမှာတော့ သူနောက်ဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးဟာ အနာဂတ်နဲ့ ပတ်သက်လို့ မတင်မကျတွေ ဖြစ်စေခဲ့တယ်ဆိုတာ ရိပ်မိခဲ့ကြောင်းနဲ့ အဲ့လိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူးလို့ ဆိုခဲ့ပါတယ်။
လီဗာပူး လူစာရင်းရဲ့ အရည်အချင်းက သူ့ကို အသင်းမှာ ဆက်နေဖို့ ဆွဲဆောင်နိုင်မလားဆိုတဲ့ အမေးကို ယာဂင်က “ မဆိုင်ပါဘူး။ အဲ့တာက ဘာမှမဆိုင်ဘူး။ ကိစ္စတွေ အားလုံးက အတူတူပါဘဲ ” လို့ ပြန်ဖြေပါတယ်။
နောဝစ်ချ်ပွဲတုန်းက အနာဂတ်အတွက် ပြောဆိုခဲ့မှုကိုလည်း ယာဂင်ကပဲ “ ကျနော်လည်း ဖြေပြီးမှပဲ သတိထားမိတာပါ။ ငါတော့ ပြောမိပြီလို့ တွေးမိခဲ့သေးပေမယ့်လို့ ပြောပြီး စကားကို ပြန်သိမ်းလို့လည်း မရတော့ဘူး။ ကျနော်က အဲ့လို အခြေအနေမှာ ရှိမနေပါဘူး။ အစီအစဉ်တွေက အတူတူပါပဲ။ ဘာမှ အပြောင်းအလဲ မရှိပါဘူး။
ကျနော် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့သည်ဖြစ်စေ၊ ၂၀၂၃ ခုနှစ်မှာ ထုတ်ပယ်ခံရသည်ဖြစ်စေ၊ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ ၂၀၂၄ မှာ ကျနော် ထွက်ခွာသွားရင်လည်း ဒါက အသင်းလူစာရင်းရဲ့ အရည်အချင်းနဲ့ မဆိုင်ပါဘူး။
သူတို့ကို ကိုင်တွယ်ခွင့်ရခဲ့တယ်တို့၊ သူတို့ကို ကိုင်တွယ်တာထက် နားလိုက်တာ ပိုကောင်းတယ်တို့ အဲ့လိုတွေ တွေးမှာ မဟုတ်ပါဘူး။ ကျနော်တို့ လုပ်ဆောင်ခဲ့တာတွေ အားလုံးက ကာလရှည်အတွက်ပါ။ ကျနော်တို့ လုပ်ခဲ့သမျှ ကိစ္စတိုင်းပါပဲ။
ဒီအသင်းက ပိုပြီး ကောင်းလာဦးမှာပါ။ အထူးသဖြင့် ကျနော် မရှိတော့ချိန်မှာကောပါပဲ။ အဲ့လိုဖြစ်အောင်လည်း စီစဉ်ထားတယ်၊ အဲ့အတွက်လည်း ကျနေ်ာတို့ ကြိုးစားနေတယ်။ ဒီတော့ အသင်းမှာ ကျနော် ဘယ်လောက်ကြာကြာ ဆက်ရှိနိုင်မယ်ဆိုတာက အရေးမကြီးပါဘူး။ အသင်းမှာ ရှိတဲ့ နောက်ဆုံး အချိန်ထိ ဘာတွေလုပ်မယ်ဆိုတာက ပိုအရေးကြီးပါတယ် ” လို့ ပြောဆိုသွားပါတယ်။