နီကိုလာ ဘီရယ်လာက အင်တာမှာ သူ့ရဲ့ ပုံစံကောင်းတွေ ပြသဖို့ ရုန်းကန်နေရကြောင်း ဝန်ခံခဲ့ပေမယ့် ဒီအပတ် လီဗာပူးနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့မှာ ထူးခြားတဲ့ ကိစ္စတွေ ဖြစ်လာအောင် သူတို့ လုပ်ပြနိုင်ပါတယ်လို့ ဆိုလာပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာ အင်တာမီလန် တိုက်စစ်သမား မာတီနက်စ်ဟာ သွင်းဂိုးရဖို့ ရုန်းကန်နေရသလို ဘီရယ်လာကလည်း သက်ရောက်မှုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင် ခက်ခဲနေခဲ့ပါတယ်။ ဒါပေမယ့်လို့ ဒီကနေ့ ယှဉ်ပြိုင်ကစားတဲ့ Salernitana အသင်းနဲ့ပွဲမှာ ၅-၀ ဖြင့် အနိုင်ရစဉ် မာတီနက်စ်က hat-trick ရခဲ့သလို ဘီရယ်လာက ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်နိုင်ခဲ့တယ်။

ကွင်းလယ်လူက “ ကျနော်အတွက် အနည်းငယ် ထူးဆန်းတဲ့ ကာလဖြစ်ပါတယ်။ ခြေထောက်တွေက အင်အားမပြည့်နေတာတင် မဟုတ်ဘဲ၊ ဘောလုံးအိုင်ဒီယာတွေက ထွက်မလာဘူး၊ ပေးပို့မှုတွေက အဆင်ပြေမနေခဲ့ပါဘူး။ ဒီနေ့မှာတော့ ဒီလို အနေအထားကနေ ရုန်းထွက်လာနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

ဘောလုံးမှာ ဝေဖန်မှုဆိုတာကလည်း ချီးကျူးမှုတွေလို အစိတ်အပိုင်း တစ်ရပ်ပဲဖြစ်ပါတယ်။ အရေးကြီးတာက အသင်းကို ကူညီပေးဖို့ပါ။ အဲ့လိုတွေ မလုပ်နိုင်ချိန် အကောင်းဆုံး မစွမ်းဆောင်နိုင်ချိန်မှာ စိတ်တိုတယ်။ အခုချိန်မှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်လာပြီး အားလုံး အတူတကွ ကြိုးစားနိုင်မယ်လို့ ထင်ပါတယ် ” လို့ ဆိုခဲ့တယ်။

ပထမအကျော့မှာတုန်းက ဘီရယ်လာဟာ ပွဲပယ်ကြောင့် မပါနိုင်ခဲ့သလို ဒုတိယအကျော့မှာလည်း ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ၂-၀ အရှုံးကို အန်ဖီးကွင်းမှာ ပြန်ချေပဖို့ အင်တာမီလန်က အကြောက်တရားကင်းကင်း ကစားပြလိမ့်မယ်လို့ သတိပေးခဲ့တယ်။

သူကပဲ “ ပထမအကျော့တုန်းက ကျနော် မရှိတာအတွက် စိတ်ပျက်မိတယ် ဒါပေမယ့် ဗီဒယ်က ပထမအကျော့မှာ ကျနော်နေရာ ဝင်ပြီး ပွဲရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့တယ်။ ဒါကြောင့် သူက နောက်ထပ် စွမ်းဆောင်ရည်ကောင်း ပြသနိုင်ဦးမယ်လို့ ထင်မိပါတယ်။

ဒီရက် အနိုင်က အသင်းအတွက် ယုံကြည်မှုတွေ ပေးပါတယ်။ အန်ဖီးမှာ ကစားရတာက သိပ်ကောင်းတဲ့ အတွေ့အကြုံကို ပေးမှာဖြစ်ပေမယ့် ကျနေ်ာတို့ ကြောက်ရွံ့မနေသင့်ဘဲ ဆာလောင်နေရမှာပါ။

အပြောင်းအလဲ လုပ်နိုင်ဖို့ ရလဒ် ထူးထူးခြားခြားကို ရအောင် လုပ်နိုင်ရမယ်။ ဒါပေမယ့် အင်တာက အမိုက်စားအသင်းဖြစ်ပြီး ဘာမဆိုဖြစ်နိုင်ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

အင်တာမီလန်ဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အမှတ်ပေးပွဲ ၅ ပွဲမှာ ၁ ပွဲပဲ နိုင်ထားတာဖြစ်ပေမယ့် စီးရီးအေကို ဦးဆောင်နေဆဲဖြစ်လို့ လီဗာပူးဘက်က သတိထား ယှဉ်ပြိုင်ဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။