ခံစစ်မှူး ကိုနတေးဟာ ချယ်ဆီးနဲ့ ပွဲအတွင်း အချိန်ပိုမှာ အရံခုံကနေ ဝင်ကစားခဲ့ရပြီးတော့ ပင်နယ်တီအဆုံးအဖြတ်မှာ အောင်အောင်မြင်မြင် ကန်သွင်းခဲ့ပါတယ်။

အဲ့ဒီ ဖိုင်နယ်ပွဲအကြောင်း ပြန်ပြောင်းပြောရာမှာ ကိုနတေးက ပြုံးပြီး “ဒီအကြောင်းကို ကျွန်တော် စပြောရမလား စဉ်းစားနေတာဗျ။ အဲ့ဒါက ကျွန်တော့်အတွက် မယုံနိုင်စရာ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ ကျွန်တော့်ရဲ့ ပထမဆုံးဆုဖလားကို လီဗာပူးနဲ့အတူ ရခဲ့တာက မယုံနိုင်စရာ ကောင်းခဲ့ပြီး ကြီးကျယ်ခဲ့ပါတယ်။

ကျွန်တော် အရမ်းအရမ်းကို ပျော်ခဲ့တယ်။ ကျွန်တော်တို့မှာ အရေးပါတဲ့ ပွဲတွေအမျာကြီး ရှိနေသေးတာကို မမေ့ဖို့လိုတယ်။ ဒါပေမယ့် ဒီ ဖိုင်နယ်ပွဲကို တစ်ဖက်မှာ ချန်ထားခဲ့ပြီး လက်ကျန်ရာသီအတွက် ဆက်လက် တိုက်ပွဲဝင်ရမှာပါ။

ဒီပွဲပြီးတော့ တနေ့မှာ ကျွန်တော် မအိပ်ခင် အိပ်ယာထဲမှာ ဒီပွဲအပြီး ကစားသမားတွေ၊ နည်းပြတွေနဲ့ ကျွန်တော် အော်ဟစ်နေခဲ့တဲ့ ဗီဒီယိုတချို့ကို ပြန်ကြည့်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အရမ်းပျော်နေခဲ့တာပါ။

ပွဲကစားရတာ ကျွန်တော့်အတွက် ပိုပြီး မယုံနိုင်စရာ ကောင်းပါတယ်။ ဒီအခိုက်အတန့်ကို စကားလုံးနဲ့ ဖော်ပြလို့တောင် မရပါဘူး။ ဒါပေမယ့် ကလပ်နဲ့အတူ ဒီလို အခိုက်အတန့်များစွာ ကျွန်တော် ရရှိနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

အသင်းဖော်တွေနဲ့အတူ ဆုဖလားအောင်မြင်တဲ့ အတွေ့အကြုံကို မျှဝေခဲ့ပြီးနောက် လီဗာပူးမှာ ပိုပြီးတော့တောင် အသားကျလာသလို ခံစားရတာကိုလည်း ကိုနတေးက နားလည်ထားတာပါ။

“ဒါပေမယ့် ကျွန်တော် အရင်ပြောခဲ့သလိုပဲ ဒီအကြောင်းကို အများကြီး မတွေးနေဖို့လိုတယ်။ ကျွန်တော်တို့မှာ အရေးပါတဲ့ပွဲတွေ အများကြီး ရှိပါတယ်။ အသင်းတစ်သင်းအနေနဲ့ ဒီရာသီမှာ ဆုဖလားတွေအားလုံး အနိုင်ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။

နောက်ထပ် လီဗာပူးဟာ စနေနေ့ ဝက်စ်ဟမ်းနဲ့ ကစားရတဲ့အခါ အသင်းရဲ့ ၇ ပွဲဆက် ပရီးမီးယားလိဂ်နိုင်ပွဲကို ရရှိဖို့ ကြိုးစားသွားပါလိမ့်မယ်။

“ ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိဘူး။ အဆင်သင့် ပြင်ထားရမယ်။ ကျွန်တော်တို့တွေက သိပ်ကောင်းတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ကစားရမှာပါ။ ဝက်စ်ဟမ်းကို အရင်တစ်ကြိမ်က ကျွန်တော်တို့တွေ ၃-၂ နဲ့ ရှုံးခဲ့တယ်။

သူတို့က တောင့်တင်းတဲ့ အသင်းတစ်သင်းပါ။ ဒီရာသီမှာ ကျွန်တော်တို့မှာ ရည်မှန်းချက်တွေ အများကြီး ရှိတယ်။ အခု တစ်ပွဲပြီးတစ်ပွဲ အာရုံစိုက်ဖို့ လိုပါတယ်။ အခုတော့ ဒီပွဲအတွက် အာရုံစိုက်ထားရမှာပါ” လို့ ကိုနတေးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။