လီဗာပူးအသင်းဟာ ဒီတပတ်မှာ နည်းပြ မိုယက်စ်ရဲ့ ဝက်စ်ဟမ်း အသင်းကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံကစားရမှာပါ။ ဝက်စ်ဟမ်းဟာ ဒီရာသီ အဆင့် ၄ အတွင်း ဝင်ဖို့ထိပါ မျှော်မှန်းလာတာကြောင့် လျှော့တွက်လို့ မရတဲ့ အသင်းလည်း ဖြစ်ပါတယ်။

နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင်က လီဗာပူးနဲ့ ဝက်စ်ဟမ်းတို့ရဲ့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းမှုတွေ ပြုလုပ်ထားပါတယ်။

အိုဝင်က – ” ပြီးခဲ့တဲ့အပတ် ချယ်ဆီးကို ရင်ဆိုင်သွားတဲ့ လီဗာပူး ကစားပုံ တချို့က တော်တော် ကောင်းခဲ့တယ် လို့ ကျနော် ထင်တယ်။ ကလော့ပ် က သူ့ရဲ့ အရန်မှာလည်း ရွေးချယ်စရာ တောင့်တင်းနေပြီ ဖြစ်လို့ အကောင်းဆုံး ပွဲထွက် လူစာရင်းကို လွယ်လွယ်ကူကူပဲ ရွေးထုတ်နိုင်ပါပြီ။

ဒါပေမယ့် လူစာရင်း ရွေးချယ်ရမှာလည်း ခေါင်းကိုက်စရာတွေက ရှိမှာပါ။ ဆာလာ၊ မာနေး၊ ဂျိုတာ၊ ဒီယက်စ်နဲ့ ဖာမီနို တို့ အားလုံးကို တပြိုင်နက် ကစားစေဖို့လည်း မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီလို ခေါင်းကိုက်ရတာက ပြသနာကောင်းပါ။

ဝက်စ်ဟမ်းက ဒီနောက်ပိုင်း ကစားပုံ သိပ်မကောင်းပါဘူး၊ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က ဝုဗ်ကို နိုင်လိုက်တာ နိုင်ပွဲကြီးပါပဲ။ သူတို့က အဆင့် ၄ အတွင်း ဝင်ဖို့ အခွင့်အရေး နည်းနည်းလေးသာ ကျန်တော့ပေမယ့် ဖမ်းဆုပ်ထားဆဲပါ။ နိုင်ပွဲကြောင့် ယုံကြည်မှုလည်း နည်းနည်း ပြန်ရလာပါမယ်။ ဒီတပတ်မှာ ရှုံးတယ် ဆိုရင်တောင် အဆင့် ၄ လုနေတဲ့ သူတို့ ပြိုင်ဘက်တွေက များလည်း များ၊ အခွင့်အရေးတွေလည်း ပိုသာနေကြပြီးသားပါ။

လီဗာပူး ဒီပွဲမှာ ဂိုးတွေလည်း သွင်းပါလိမ့်မယ်။ သူတို့က မယုံနိုင်စရာ ကောင်းလောက်အောင် တိုက်စစ် က တိုးတက် ရှေ့ဆက်နေတာပါ။ ” လို့ ဆိုပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ ၃ – ၁ နဲ့ လီဗာပူး အနိုင် ပဲ ဖြစ်ပါတယ်။ လီဗာပူးနဲ့ ဝက်စ်ဟမ်းတို့ ကစားမယ့် ပွဲချိန်ကတော့ ဒီနေ့ စနေနေ့ည ၁၂ နာရီ မှာပါ။